နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသမှ ကျပ်တိုက်ပုစွန်ခြောက်ဈေးကွက် သွက်လက်လှုပ်ရှားလာ

ဖျာပုံ   ဇူလိုင်    ၆


မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသမှ ကျပ်တိုက်ပုစွန်ခြောက်ဈေးကွက်များ သွက်လက်လှုပ်ရှားလာနေပြီဖြစ်ကြောင်း ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ အရှေ့ဖျားကျေးရွာမှ “ပုစွန်ကျပ်ဖိုလုပ်ငန်း”ပိုင်ရှင် ဒေါ်သောင်းညိမ်းထံမှ သိရသည်။

ပုစွန်ခြောက်လုပ်ငန်းများသည် နေရောင်ခြည်အပူရှိန်ကို အားထားလုပ်ကိုင်ဆောင်ရွက်နေရသည့် လုပ်ငန်းများဖြစ်သည်။ ပင်လယ်ပြင်မှ ဖမ်းဆီးရမိလာသည့်ပုစွန်များကို နေအပူရှိန်ဖြင့် လှန်းကာ ပုစွန်ခြောက်များအဖြစ် ပြုလုပ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသ အရှေ့ဘက်ဖျာပုံမြစ်ဝဒေသများမှ အနောက်ဘက်ပုသိမ်၊ ဟိုင်းကြီးကျွန်းအထိဒေသများသည် မိုးလရာသီများ  တွင် နေ့စဉ်မိုးရွာသွန်းမှုရှိနေသည့်နေရာဒေသများဖြစ်သည်။

ထို့ကြောင့် မိုးရာသီကာလများတွင် ပုစွန်ခြောက်ပြုလုပ်ရန်လုံလောက်သည့် နေအပူရှိန် မရရှိနိုင်။ နေအပူရှိန်ကိုအားကိုးဆောင်ရွက်၍မရ။ အပူရှိန်အတွက်ထင်း၊ မီးသွေးများ၏အပူရှိန်ကို အသုံးပြု ဆောင်ရွက်ကြရသည်။ ပင်လယ်ပြင်မှဖမ်းဆီးရမိလာသည့် ပုစွန်များကို ထင်း၊ မီးသွေးများဖြင့် ကျပ်တိုက်ကာ  ပုစွန်ခြာက်ပြုလုပ်ကြသည်။ ထိုကဲ့သို့ ထင်းမီးသွေးကိုအသုံးပြု၍ ပုစွန်ခြောက်ပြုလုပ်သည့် လုပ်ငန်းများကို “ပုစွန်ကျပ်ဖို”လုပ်ငန်းဟုခေါ်သည်။ အဆိုပါ ပုစွန်ကျပ်တိုက်လုပ်ငန်းများမှ ထွက်ရှိလာသည့်ပုစွန်ခြောက်များကိုလည်း“ကျပ်တိုက်ခြောက်”ဟုခေါ်ကြသည်။ 

ထို့ကြောင့် မိုးရာသီသို့ရောက်ရှိလာသည်နှင့် ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ ပြင်စလူ၊ ဟိုင်းကြီး၊ ငပုတော၊ ပုသိမ်မြို့နယ်ဒေသများရှိ ပင်လယ်ကမ်းခြေဒေသများတွင် ပုစွန်ကျပ်ဖိုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လာကြတော့သည် ယခုအခါမိုးရာသီသို့ရောက်ရှိလာနေပြီဖြစ်သဖြင့် အဆိုပါမြို့နယ်ဒေသများရှိ ပင်လယ် ကမ်းခြေဒေများတွင်  ပုစွန်ကျပ်ဖိုလုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သဖြင့် ကျပ်တိုက် ခြောက်ဈေးကွက်များလည်း သွက်လက်လှုပ်ရှားလာနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီကာလတွင် ပုစွန်ကျပ်ဖိုလုပ်ငန်းများကို ဖျာပုံမြို့နယ်နှင့် လပွတ္တာမြို့နယ်ပင်လယ် ကမ်းခြေဒေသများတွင် ပိုမိုလုပ်ကိုင်ဆောင်ရွက်နေကြသည်ဟု ဆိုသည်။ ယခုနှစ် ပုစွန်ကျပ်ဖိုလုပ်ငန်း ရာသီတွင် ရွှေပုစွန်ကျပ်တိုက်ခြောက်အကြီးရှယ်၊ ရွှေပုစွန်ကျပ်တိုက်ခြောက်အကြီး၊ ရွှေပုစွန်ကျပ်တိုက် ခြောက်အလတ်ရှယ်၊ ရွှေပုစွန်ကျပ်တိုက်ခြောက်အလတ်၊ ရွှေပုစွန်ကျပ်တိုက်ခြောက်အသေး စသည်ဖြင့် ပုစွန်အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်ကာ ကျပ်တိုက်ခြောက်အမျိုးအစားများ ခွဲခြားထုတ်လုပ်နေခြင်း ဖြစ်သည်။ 

ပင်ရင်းဈေးကွက်များတွင် ရွှေပုစွန်ကျပ်တိုက်ခြောက်အကြီးရှယ် တစ်ပိဿာလျှင်ငွေကျပ် ၈၄၀ဝ၀ ကျပ်၊ ရွှေပုစွန်ကျပ်တိုက်ခြောက်အကြီး တစ်ပိဿာလျှင် ငွေကျပ် ၇၈၀ဝ၀ ကျပ်၊ ရွှေပုစွန်ကျပ်တိုက်ခြောက်အလတ် ရှယ် တစ်ပိဿာလျှင် ငွေကျပ် ၇၂၀ဝ၀ ကျပ် ၊ ရွှေပုစွန်ခြောက်အလတ်တစ်ပိဿာလျင် ငွေကျပ် ၆၈၀ဝ၀ ကျပ်နှင့် ရွှေပုစွန်ခြောက်အသေးတစ်ပိဿာလျှင် ငွေကျပ် ၅၈၀ဝ၀ ကျပ်ပေါက်ဈေးရှိသည်ဟုဆိုသည်။ 


အဆိုပါ ကျပ်တိုက်ပုစွန်ခြောက်များကို ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ရန်ကုန်မြို့ဈေးကွက်များနှင့် ဒေသတွင်းဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံဈေးကွက်များသို့ တင်ပို့ရောင်းချပေးနေသကဲ့သို့ ဒေသတွင်းဈေးကွက်များသို့ လည်း တင်ပို့ရောင်းချပေးနေကြောင်း သိရသည်။                                                                        

     ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ