ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များနှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄) ကို ယနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် မြို့တော်ဝန်က “(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ခဲ့ပြီဖြစ်၍ မှတ်တမ်းမှတ်ရာများ စနစ်တကျပြုစုရန်၊ လုံခြုံရေးဂရုစိုက်ရန်၊ ဝန်ထမ်း လိုင်းခန်းများ၌ ဧည့်စာရင်းများ တိုင်ကြားရန်၊ သူစိမ်းအဝင်အထွက်များ ဂရုစိုက်ရန်၊ မိုးရွာသွန်း မှုကြောင့် လမ်းပေါ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေ ရေးအတွက် ချောင်းများ၊ မြောင်းများ ရှင်းလင်းရန်၊ လူသွားစင်္ကြံများရှိ ရေညှိများ တိုက်ချွတ်ရန်၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ နေအိမ်ခြံဝင်းများ၊ ဈေးများ၊ ဝန်ထမ်းလိုင်းခန်း များ၌ အရိပ်ရပင်များ စိုက်ပျိုးရန်၊ ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အတွက် သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ပေါင်းစပ်၍ စီစဉ်ဆောင်ရွက်ရန်” တို့ကို မှာကြားသည်။
ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူး များနှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
မိုးမြင့်မောင်