ရန်ကုန် ဇူလိုင် ၁၄
(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲ အတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်နှင့် (၇၇) နှစ်မြောက် အာဇာနည်နေ့ ခင်းကျင်းပြသမည့် လုပ်ငန်းစဉ်နှစ်ရပ်ခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ဇူလိုင် ၁၇ ရက် မှ ၁၈ ရက်အထိ နှစ်ရက်တိုင်တိုင် ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ ယခင်နှစ်များအတိုင်း အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုမည် ဖြစ်သည်။
"ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဒီနှစ်မှာ ယခင်နှစ်ကနဲ့မတူ တစ်မူထူးခြားပြီး ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ အဲဒါက ပြကွက်များကို နည်းလမ်းနှစ်သွယ်နဲ့ ခင်းကျင်းပြသမှာဖြစ်ပါတယ်။ နည်းလမ်းတစ်ခုက ယခင်နှစ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသပါမယ်၊ လက်ရေးမူများနဲ့ မိန့်ခွန်းများကိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ရဲ့ အတက်လမ်း တစ်လျှောက်မှာ ဗီနိုင်းများဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါ တယ်။ ဒုတိယနည်းလမ်းကတော့ IT နည်းပညာကို အသုံးပြုပြီး အများပြည်သူကို ခင်းကျင်းပြသ သွားမှာဖြစ်ပါတယ်" ဟု အမျိုးသားပြတိုက် (ရန်ကုန်) တာဝန်ရှိသူ တစ်ဦးကပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ကြိုတင်ပြင်ဆင်မှုအနေဖြင့်အတွင်းအပြင် သန့်ရှင်းရေးများလုပ်ဆောင်ခြင်း၊ ပြတိုက်မြေထိန်းနံရံများ၊ ဝရန်တာများနှင့် ဆိုင်းဘုတ်များ ဆေးသုတ်ခြင်း၊ ပြတိုက်လမ်းပြုပြင်ခြင်း၊ လျှပ်စစ်မီးများ သွယ်တန်း ခြင်း၊ ရေကန်ရှင်းလင်းဆေးသုတ်ခြင်း လမ်းပြဆိုင်းဘုတ်များ၊ ကျန်းမာရေးအသိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်သူများ နေဒဏ်၊ မိုးဒဏ်ခံနိုင်ရန် အမိုးများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
AMH