ရှေးယခင်ကာလက ကမ္ဘာ့လူဦးရေသန်း တစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့သည်။ ယနေ့အခြေအနေတွင် ဆေးဝါး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အဆင့်မြင့်နည်းပညာများနှင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာခြင်း လူဦးရေဆိုင်ရာ မွေးဖွားနှုန်း၊ သေဆုံးနှုန်းများ ပြောင်းလဲလာသောကြောင့် ယနေ့ကမ္ဘာ့လူဦးရေ သည် သန်းရှစ်ထောင်ကျော် ရောက်ရှိလာပြီဖြစ်သည်။
ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာမပြည့်စုံ ခြင်းများ၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတုဖောက်ပြန် ခြင်းများ၊ ကူးစက်ကပ်ရောဂါ ပျံ့နှံ့ခြင်းများ၊ မုန်တိုင်းဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ်များကို လူသားတို့ ကြုံတွေ့လာကြရသည်။
ထို့ပြင် တန်းတူညီမျှမှု မရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှု များပြားလာ ခြင်း၊ လူနေမှုအဆင့်အတန်းများ ကွဲပြားပြီး လူတန်းစားကွာဟမှု ပြဿနာများ ကြီးထွားလာမှုနှင့်လည်း ရင်ဆိုင်နေရသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမိုထိခိုက် ခံစားကြရ သည်။
သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများ ဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ခုခံနိုင်စွမ်းနည်းသည်။ ယင်းတို့၏ ဘဝလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးကို ဆောင်ရွက် ပေးခြင်းဖြင့် မိသားစုနှင့် လူမှုအသိုက်အဝန်း၏ ကောင်းကျိုးကို ဖြည့်ဆည်းပေးကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အိုအရေအတွက် လျင်မြန်စွာ တိုးတက် လာပြီး၊ အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေးမြစ်များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ ရိုသေလေးစားခြင်း၊ သား၊ သမီးဝတ်ငါးပါးနှင့်အညီ ပြုစုစောင့်ရှောက်ခြင်း ဓလေ့စရိုက်သည် တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာဓလေ့စရိုက်အဖြစ် ယနေ့တိုင် မယိုင်မလဲခိုင်မြဲလျက်ရှိသည်။
ကလေးများ၊ အမျိုးသမီးငယ်များ ကျောင်းပညာသင်ကြားခွင့် မရပါက ယင်းတို့ပတ်ဝန်းကျင်နှင့် နိုင်ငံ့အနာဂတ်သည်လည်း အားနည်းချက်၊ လိုအပ်ချက်များ ဖြစ်ပေါ်နေမည်ဖြစ်ရာ ကူညီဖေးမ စောင့်ရှောက်ပေးရန် လိုအပ်သည်။ လူငယ်များသည် နိုင်ငံ၏ အနာဂတ် နိုင်ငံ၏ အင်အားများဖြစ်သည်။
သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ ငြိမ်းချမ်း ရေးနှင့် တရားမျှတမှု မရှိခြင်းအပါအဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ ချမှတ်ထားပြီးဖြစ်၍ ကြုံလာရသည့်ပြဿနာများနှင့် အခက်အခဲများကို ပူးပေါင်းဖြေရှင်း ကုစားကြရန်လိုအပ်ပါကြောင်း။