နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပမှငှက်သိုက်များ တင်သွင်းရောင်းချနေသော်လည်း ပြည်တွင်းငှက်သိုက်များကို ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ

ရန်ကုန်   ဇူလိုင်  ၅

ပြည်ပမှ ငှက်သိုက်များတင်သွင်းရောင်းချနေသော်လည်း ပြည်တွင်းငှက်သိုက်များကို ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းရှိ ငှက်သိုက်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်များထံမှသိရသည်။ ငှက်သိုက်ရရှိသည့် ဇီဝဇိုးငှက်ငယ်ကလေးများသည် အရှေ့တောင်အာရှပင်လယ်ကမ်းရိုးတန်း ဒေသတစ်ဝိုက် တွင်သာ ကျင်လည်ကျက်စားနေသည့် ငှက်ငယ်လေးများဖြစ်နေသဖြင့် ကမ္ဘာပေါ်တွင် ငှက်သိုက်ထွက်ရှိရာ အရပ်ဒေသများမှာ အရှေ့တောင်အာရှဒေသ တစ်ခုတည်းတွင်သာရှိနေသည်။

ထို့ကြောင့် အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံတွင် ငှက်သိုက်များထွက်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ငှက်သိုက်ကို တနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းမှာသာ ထွက်ရှိနေခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ လက်ရှိ ပြည်တွင်းငှက်သိုက်ဈေးကွက် တွင်  ပြည်ပမှ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်နေသည့် ငှက်သိုက်များလည်းရှိနေသည်။ အဆိုပါ                        ပြည်ပမှတင်သွင်းရောင်းချပေးနေသည့် ငှက်သိုက်များသည် နည်းပညာများဖြင့် ပြုလုပ်ဆောင်ရွက်ထားသဖြင့် ထုပ်ပိုးမှုပုံစံသေသပ်လှပမှု ရှိနေသော်လည်း ငှက်သိုက်ပါဝင်မှုနှုန်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းသာရှိနေသည်ဟု ဆိုသည်။

ပြည်တွင်းမှထုတ်လုပ်ရောင်းချနေသည့်ငှက်သိုက်များတွင်မူ ငှက်သိုက်ရာနှုန်းပြည့်ပါဝင်နေသည်။             ထို့ကြောင့် သိရှိသူများအနေဖြင့် ပြည်တွင်းထုတ်ငှက်သိုက်များကိုသာ ဝယ်ယူမှုများနေသည်ဟုဆိုသည်။ ထို့ကြောင့် လက်ရှိတွင်ပြည်ပမှတင်သွင်းရောင်းချပေးနေသည့်ငှက်သိုက်များမှာ ပြည်တွင်းမှထုတ်လုပ်သည့် ငှက်သိုက်များကို ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိကြောင်းသိရသည်။

ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဒေသနှင့် ကော့သောင်းဒေသတို့မှထွက်ရှိသောငှက်သိုက်(အမည်း)Bird's Nest(Black) များကိုစင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ်သစ်အဖြစ် ဈေးကွက်စမ်းသပ်   တင်ပို့ရာမှဈေးကွက်နေရာရရှိနေပြီဖြစ်သည်။ ပြည်ပဈေးကွက်များတွင် မြန်မာ့ငှက်သိုက်တစ်ကီလိုဂရမ် လျှင် အမေရိကန်ဒေါ်လာ ၄၇၀ ဒေါ်လာပေါက်ဈေးရရှိနေသည်ဟုဆိုသည်။ ပြည်တွင်းဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် အမျိုးအစားလေးမျိုးခွဲခြား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေခြင်းဖြစ်ပြီး ပင်ရင်းဈေးကွက်များတွင် ပထမတန်းစားငှက်သိုက်တစ်ဆယ်သားလျှင် ငွေကျပ် ၄၀ဝ၀ဝ  ဒုတိယတန်းစား ငှက်သိုက်တစ်ဆယ်သားလျှင် ငွေကျပ် ၃၆၀ဝ၀ ၊ တတိယတန်းစား ငှက်သိုက်တစ်ဆယ်သားလျှင် ငွေကျပ် ၃၂၀ဝ၀ နှင့် စတုတ္တတန်းစားငှက်သိုက် တစ်ဆယ်သားလျှင် ငွေကျပ် ၃၀ဝ၀ဝ ပေါက်ဈေးရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် ငှက်သိုက်ဈေးကွက်အေးစက်နေသော်လည်း ယခု အချိန်အခါသည် ငှက်သားပေါက်ချိန်ဖြစ်နေသဖြင့် ဈေးကွက်သို့ငှက်သိုက်ဝင်ရောက်မှုနည်းပါးလျက်ရှိနေ သည်။ ထို့ကြောင့် ဈေးကွက်တွင် ငှက်သိုက်ဝင်ရောက်မှုနည်းပါးနေသဖြင့် ဈေးနှုန်းများကျဆင်းလာမှုမရှိ ကြောင်း သိရသည်။       

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ