အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။ လူဦးရေထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ် ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိ နေသည် မထူးဆန်းချေ။
အမှိုက်ဟူသည် မကောင်းသော စွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ဖြစ်တတ်သည်ကို သိပါလျက် မဆင်မခြင်စွန့်ပစ်နေခြင်း ဖြစ်သည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။
လူတို့ စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များထက် မီးဖို ချောင်သုံး စွန့်ပစ်အမှိုက်များက ပိုသည်။ အထူးသဖြင့် မြို့တွင်း အထပ်မြင့်တိုက်များတွင် နေထိုင်ကြသူတို့သည် နေ့စဉ် မိမိနေအိမ်မှ စွန့်ပစ်အမှိုက်များကို စနစ်တကျ ထုပ်ပိုးပြီး သက်ဆိုင်ရာ အမှိုက်ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရပေမည်။
ထိုသို့ ပို့ဆောင်ခြင်းမပြုဘဲ အထပ်မြင့်မှ နောက်ဖေးလမ်းကြား သို့ အလွယ်တကူ စွန့်ပစ်လိုက်ခြင်းသည် ရှက်စရာကောင်းသော အလုပ်ဖြစ်သည်ကို သတိပြုမူကြဖို့လိုသည်။ မြို့ပြဖွံ့ဖြိုးတိုးတက် အောင်၊ စည်းကမ်းရှိသော မြို့ကြီးပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲ ဆောင်ရွက်ရာတွင် မြို့နေပြည်သူ လိုက်နာကျင့်သုံးအပ်သော အရာမှာ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်တတ်သည့် အလေ့အထကို ကျင့်ကြံအားထုတ်ကြရမည် ဖြစ်သည်။ ယခုကဲ့သို့ မိုးရာသီတွင် မိုးရွာသွန်းမှုနှင့် ဒီရေတက်သည့်အချိန်များတွင် ရေမြောင်းများ၌ ရေများလျှံတက်လာရာ၊ ရေမြောင်းအတွင်း အမှိုက်နှင့် ဘူးခွံ၊ ပုလင်းခွံများကြောင့် ရေစီးဆင်းမှု နှောင့်နှေးစေ သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သည် ရေမြောင်းထဲ အမှိုက်ပစ်ပါက ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်စာတန်းပါ ဗီနိုင်းများကို အများပြည်သူ၊ သတိပြု လိုက်နာစေရန် မြို့နယ်များအလိုက် စိုက်ထူအသိပေးလျက်ရှိသည်။
မြို့ပြနေပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာရေး၊ စည်းကမ်းပြည့်ဝသော မြို့ကြီးသားဖြစ်အောင် ပြည်သူတစ်ရပ်လုံး ၏ စွမ်းအားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ် သော ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုအခါ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံလာပြီး နေချင်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်းကျင် ဖြစ်ပေါ်လာမည် ဖြစ်ရာ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်ဟု ဆိုချင် ပါကြောင်း။