ရန်ကုန် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ က မှော်ဘီမြို့နယ်ရှိ မော်ပီဆရာသိန်းစာကြည့်တိုက်သို့ စာအုပ် စာစောင်များ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ စာကြည့်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာကြည့်တိုက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး လှူဒါန်းသော လူထုသိပ္ပံ ကျမ်းအတွဲ (၁၊ ၂၊ ၃၊ ၄၊ ၅) ငါးအုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက စာအုပ်စာစောင် ၅၀ အုပ် လှူဒါန်းသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် မော်ပီဆရာသိန်း စာကြည့် တိုက်မှ စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ တွင် စာကြည့်တိုက်မှူးများအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်အားကောင်းကာ စာဖတ်များပါက အရေး အသား၊ အတွေးအခေါ် မှန်ကန်မည်ဖြစ်၍ ကူညီဆောင်ရွက်ပေးကြ ရန်၊ စာကြည့်တိုက်ကို အလင်းရောင်ကောင်းစွာရရှိရေး ဆောင်ရွက် ရန်နှင့် စာကြည့်တိုက်သည် အသိပညာ ဗဟုသုတပေးသော ဘဏ်တိုက်ကြီးဖြစ်၍ လူငယ်လူရွယ်များအား စာဖတ်အား ကောင်းစေရန် ကူညီဆောင်ရွက်ပေးသော စာကြည့်တိုက်မှူးများ ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ဆေးရုံ-မှော်ဘီမြို့ နှစ်ထပ်ကုသဆောင်သစ် သို့ ရောက်ရှိရာ အရေးပေါ်လူနာ စမ်းသပ်ခန်း၊ လူနာဆောင်နှင့် သားဖွားဆောင်ရှိ First Stage Room Labour Room (1) / (2) မွေးပြီးလူနာခန်း မွေးကင်းစကလေးစောင့်ရှောက်ခန်းနှင့် ဖွင့်ပွဲ အခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြား သည်။
ဝင်းမင်း (ပြန်/ဆက်)