ရန်ကုန်၊ ဇွန် ၁၅
ပြည်ပအလုပ်အကိုင်နှင့် ပတ်သက်ပြီး ဝန်ဆောင်မှုမပေးနိုင်သည့် အေဂျင်စီများအနေဖြင့် အေဂျင်စီလုပ်ငန်း မလုပ်နိုင်ပါက လိုင်စင် ပြန်အပ်ရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ Safe Migration က အသိပေးထားသည်။
အေဂျင်စီများအနေဖြင့် ပြည်ပသို့ လစဉ်စေလွှတ်သည့် အလုပ်သမား ဦးရေ လချုပ်စာရင်းကိုပေးပို့ရာတွင် လစဉ်လတိုင်း ပျက်ကွက်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
အေဂျင်စီလိုင်စင်ယူထားပြီး အေဂျင်စီအလုပ်များကို မလုပ်နိုင်ပါ က လိုင်စင်ပြန်အပ်စေလိုပြီး လက်ရှိတွင် အလုပ်သမားစေလွှတ်သည့် စာရင်းများပေးပို့ရန် ပျက်ကွက်သည့်အေဂျင်စီများကို ကြိုတင်အသိပေး ထားပြီးဖြစ်ရာ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ကြော်ငြာစာထွက်လာ ချိန်တွင် ထပ်မံသတိပေးမည် မဟုတ်ကြောင်း Safe Migration က ထုတ်ပြန်သည်။
Safe Migration ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် မေလအတွင်း ပြည်ပသို့စေလွှတ်သည့် လုပ်သားဦးရေ လချုပ်စာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၁ ခု ရှိကြောင်း၊ အေဂျင်စီ လေးခုသည် စေလွှတ်စာချုပ် ပေးပို့လာသော်လည်း သတ်မှတ်ထားသည့် ဇယားပုံစံ မှားယွင်းနေသဖြင့် ပြန်လည် တင်ပြ ခိုင်းထားရာ အကြောင်းမပြန်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ယခုနှစ် ဇွန် ၉ ရက်အထိ စာရင်းများအရ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားသည့် အေဂျင်စီ ၅၆၅ ခု ရှိပြီး အေဂျင်စီများအနေဖြင့် စေလွှတ်သည့် အလုပ်သမားဦးရေအလိုက် အခွန်ပေးဆောင်ရမည်ဖြစ် သည့်အတွက် စာရင်းကောက်ယူမှုများ စိစစ်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။
(008)