ရန်ကုန် ဇွန် ၁၅
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်-၃ ယာဉ်ဖြတ်သန်းသွား လာမှုနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ ညနေ ၄ နာရီက ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေး လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သက်ဆိုင်ရာဌာနမှူး များနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၊ လမ်းဦးစီးဌာန၊ တံတားဦးစီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး၊ ကုန်စည်ပို့ဆောင်ရေးအသင်း၊ ကုန်သေတ္တာတင်မော်တော်ယာဉ် အသင်း၊ စက်သုံးဆီအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြားရာ တွင် "လမ်းများ၊ တံတားများ အသစ်တည်ဆောက်ပြီးစီးသည် နှင့် ယာဉ်သွားလာမှု အဆင်ပြေ ချောမွေ့စေရေး လမ်း၊ တံတား အသုံးပြုခများ ကောက်ခံရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် လုံခြုံ ရေးကိစ္စ စသည့်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သန်လျင်တံတား အမှတ်-၃ ကို ဇွန် ၈ ရက်က ဖွင့်လှစ်ပြီးဖြစ်ရာ မှတ်တမ်းများ အရ ယာဉ်အသုံးပြုမှု များပြား သည်ကို တွေ့ရကြောင်း၊ တံတား တည်ဆောက်ဆဲ ကာလမှာပင် သာကေတဘက်အခြမ်း ဧရာဝဏ် လမ်း၊ သာကေတအဝိုင်းမှ သန်လျင်ဘက်အခြမ်း မြို့အဝင် အထိ ယာဉ်သွားလာမှုချောမွေ့ စေရေး ကြိုတင်မျှော်တွေး ဆောင်ရွက်ခဲ့ကြောင်း၊ တံတား သစ်ပေါ်တွင် ယာဉ်သွားလာမှု အရှိန်နှုန်းသတ်မှတ်ခြင်း၊ ယာဉ် ကျပ်တည်းမှုအပေါ် မူတည်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းရန် အချိန်သတ်မှတ်ခြင်းတို့ကို ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း" ပြော ကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ဌာနမှူး ဦးလင်းခိုင်က ချဉ်းကပ်လမ်းတွင် ယာဉ်ကြောပြ မျဉ်းများ၊ လမ်းညွှန်အမှတ် အသားများ ဆေးရေးဆွဲထားမှု၊ အချက်ပြမီးများ တပ်ဆင်ထားမှု၊ ယာဉ်ကြောရှုပ်ထွေးမှု ဖြေရှင်း ဆောင်ရွက်နေမှုနှင့် ဘတ်စ်ကားမှတ်တိုင်များ၊ တက္ကစီယာဉ် ရပ်နားရန်နေရာများ အဆိုပြုထားမှုတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က ယာဉ်သွားလာမှု ချောမွေ့စေရေးဆောင်ရွက်နေမှု၊ သန်လျင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ Traffic Survey ဆောင်ရွက်နေမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရှုခင်းသာမြို့ပတ်လမ်းမှ တံတားဘက် သို့ အတက်လမ်းရှိ လမ်းလယ်ကျွန်းတွင် မြက်စိုက်ပျိုး၍ မြေယာရှုခင်းဆောင်ရွက်ထားမှု၊ တံတားအသုံးပြုမည့်ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှု၊ ပြည်သူ့ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန မြို့တော်သတင်းစာတွင် သတင်း ဆောင်းပါးများ၊ ကြေညာချက်များ ဖော်ပြခြင်းနှင့် City FM ရေဒီယိုမှ တံတားဖြတ်သန်းခများ ကြေညာပေးခြင်းများ ဆောင်ရွက်နေမှုတို့ ကိုလည်းကောင်း၊ လမ်းဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)(မြို့ပြ) ဦးရန်နိုင်ဇော်က တံတားဖြတ်သန်းခကောက်ခံရေးနှင့် ပတ်သက်၍ လည်းကောင်း၊ Toll Tech Co. မှ အမှုဆောင်အရာရှိချုပ် ဦးအောင် ဇေယျာလွင်က တံတားဖြတ်သန်းခ ကောက်ခံရာတွင် MyanGo Toll Application အသုံးပြုပုံကိုလည်းကောင်း၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်ဝင်းက တံတားချဉ်းကပ်လမ်းတွင် ရေဝပ်တင်ကျန်မှု ဖြေရှင်းခြင်း၊ တံတား လုံခြုံရေးနှင့် Bridge Monitoring System (BMS) စနစ် ဆောင်ရွက် ရန်ကိစ္စတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က Bus ယာဉ်လိုင်းရှစ်လိုင်း၊ အစီး ၄၀၀ အသုံးပြု သွားမည်ဖြစ်ကြောင်းနှင့် ယာဉ်စည်းကမ်းလိုက်နာစေရေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးအောင်မိုးတို့က ကုန်တင်ယာဉ်များ ဖြတ်သန်း ချိန် သတ်မှတ်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ စက်သုံးဆီအသင်းမှ လုပ်ငန်းရှင် ဦးစည်သူကျော်က စက်သုံးဆီတင်ယာဉ်များ အဆင်ပြေ စွာ ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းသွယ်က သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများကို လိုအပ်သည်များ အသိပေးသွားမည်ဖြစ် ကြောင်းနှင့် ဗိုလ်တထောင်ခရိုင်နှင့် သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များက တံတားလုံခြုံရေးနှင့် ယာဉ်သွားလာမှု အဆင်ပြေချောမွေ့ စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ တက်ရောက် လာကြသူများက ဖြည့်စွက်ဆွေးနွေးကြပြီး မြို့တော်ဝန်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်း - မိုးဝေ/ ဓာတ်ပုံ - ကျော်သူထက်