နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်ထိန်းရဲက လာဘ်ငွေတောင်း၍ ဆိုင်ကယ်တက္ကစီသမားတစ်ဦး ရဲစခန်းတွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး အဆုံးစီရင်

ကမ်ပါလာ   ဇူလိုင်    ၄


ယူဂန်ဒါနိုင်ငံတွင် အသက် ၂၉ နှစ်အရွယ် ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးမှာ ရဲစခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာမြို့မှ ၈၅ မိုင်ကွာဝေးသည့် မာဆာကာခရိုင်တွင် ဝါလူဂျမ်ဘီ၏ဆိုင်ကယ် သိမ်းဆည်းခံခဲ့ရသည်။ ဝါလူဂျမ်ဘီအနေဖြင့် ယင်း၏ဆိုင်ကယ်ကို ပြန်လိုချင်ပါက အမေရိကန်ဒေါ်လာ ၄၀ လာဘ်ထိုးရမည်ဟု ယာဉ်ထိန်းရဲများက တောင်းဆိုခဲ့ကြောင်း ဆိုင်ကယ်တက္ကစီမောင်းသူအချို့က ပြောသည်။ 

လာဘ်စားသည်ဆိုသည့်ကိစ္စအတွက် ယာဉ်ထိန်းရဲဌာနတစ်ခုလုံးကို စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဝါလူဂမ်ဘီသည် ရဲတန်းလျားတွင် နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့အတွက် စားစရာများ ဝယ်ပေးရသည်ဟု သတင်းများက ဖော်ပြသည်။ ဆိုင်ကယ်တက္ကစီမောင်းနှင်ခြင်းမှာ အာဖရိကနိုင်ငံများတွင် အလုပ်လက်မဲ့ လူငယ်များအတွက် အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်သည်။ သို့သော် ယူဂန်ဒါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ကယ်တက္ကစီမောင်းသူများကို ခရီးသည်တင်ခွင့် ပိတ်ပင်ထားသည်။ 


ဆိုင်ကယ်တက္ကစီမောင်းသူများမှာ ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိသာ မောင်းနှင်ခွင့်ရှိပြီး ကုန်ပစ္စည်းတစ်ခုတည်းသာ တင်ဆောင်ခွင့်ရှိသည်။ ဝါလူဂမ်ဘီက ယင်း၏ဆိုင်ကယ်ကို သူငယ်ချင်းထံ ငှားခဲ့ပြီး ယင်း၏သူငယ်ချင်းက ခရီးသည်တင်ဆောင်မောင်းနှင်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဝါလူဂမ်ဘီသည် ယင်း၏ဆိုင်ကယ် ပြန်ရရန်အတွက် ရဲစခန်းသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီးနောက် သည်းမခံနိုင်အောင်ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ရဲစခန်းရှိ အခန်းတစ်ခန်းအတွင်း တံခါးပိတ်ကာ ရေသန့်ဘူးဖြင့်ယူလာသည့် ဓာတ်ဆီဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သည်။ ရဲအရာရှိများက လက်ဆွဲဂါလန်ပုံးများဖြင့် ရေဆွဲပြီး မီးငြှိမ်းသတ်ခဲ့ရသည်။ ဝါလူဂမ်ဘီနှင့်အတူ ရှိနေသည့် ရဲအရာရှိမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဖိုင်များနှင့် ကွန်ပျူတာများ ပျက်စီးခဲ့သည်။ ယူဂန်ဒါနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၉၀၀ ရှိသော်လည်း ၈၄၇ ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်ပြီး သေဆုံးသူမရှိပေ။


KNT






အခြားဆက်စပ်သတင်းများ