လူတစ်ဦးတစ်ယောက် ရောဂါဖြစ်ခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက် ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါး ခြင်းစသည့် အချက်သုံးချက်ပင် ဖြစ်သည်။ ရာသီဥတုအပြောင်းအလဲ တွင် ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရခြင်းကြောင့် နာမကျန်းဖြစ်ရခြင်း ဖြစ်ပေါ်လာနိုင်၏။
မိုးအဆက်မပြတ် ရွာပြီး ရေတင်သည့်အချိန်၊ ရေတက်သည့် ရာသီချိန်များတွင် အဆုတ်ရောင်ရောဂါ (နမိုးနီးယား) အပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် တုပ်ကွေးရောဂါများနှင့် ကြွက်များ ပေါက်ပွားတတ်သော ရာသီဖြစ်၍ ရောဂါဘယများ ကာကွယ်ကြ ရန် လိုအပ်သည်။ ဥပမာ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ရောဂါကူးစက်ခြင်း ဖြစ်သည်။
အဆုတ်ရောင်ရောဂါသည် ကလေးငယ်တိုင်းတွင် ဖြစ်ပွားနိုင်ပြီး ကာကွယ်ဆေးအပြည့်အဝ ထိုးနှံခြင်းမပြုသည့် ကလေးနှင့် မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ကျွေးခြင်းမရှိသည့် ကလေးများတွင် အဖြစ်များ တတ်သည်။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသံမြည်ခြင်း၊ အသက် ရှူနှုန်း ပိုမြန်လာခြင်းစသည့် သာမန်အဆုတ်ရောင်ရောဂါလက္ခဏာ များ တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ ပြသကုသမှု ခံယူကြရမည် ဖြစ်သည်။
အဆုတ်ရောင်ရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်နိုင် သဖြင့် နီးစပ်ရာ ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံများသို့ အလျင်အမြန် ဂရုပြုပြသနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုကဲ့သို့ စွတ်ဆိုရာသီချိန်တွင် ခြင်ပေါက်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ရေစည်၊ ရေအိုး၊ ပန်းအိုး၊ အုတ်ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ ပြုလုပ်ကြရမည်။
မိုးများပြီး ရေတင်ကျန်ခဲ့သော အချိန်၊ ရေတက်သည့်အချိန် အမှိုက်ပုံများတွင် ကြွက်များ ပေါက်ပွားတတ်သည်။ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက်ခြင်း၊ စားကြွင်း၊ စားကျန်များ စနစ်တကျ စွန့်ပစ်ခြင်းလုပ်ငန်းများကို မြို့ပြနေ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကူးစက်ရောဂါ များမှ ကာကွယ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိမြို့နယ်၊ ရပ်ကွက်များတွင် စနေနေ့တိုင်း သန့်ရှင်း ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကူးစက် ရောဂါများဘေးမှ ကာကွယ်နိုင်မည်ဟု ဆိုချင်ပါကြောင်း။ ။