ရန်ကုန် မေ ၁၃
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကော်မတီဝင် ဒေါက်တာငွေစန်း သည် ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနမှဌာနမှူး (ဒုတိယညွှန်ကြား ရေးမှူးချုပ်) ဦးသန်းထိုက် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းရှိ ပိတောက်မြိုင်ဈေး (မီးခွက်ဈေး)၊ အင်းစိန်မြို့နယ်၊ ဈေးကုန်း အနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ အင်းစိန်ဈေးနှင့် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဘုရင့်နောင်ဈေးများသို့ သွား ရောက်၍ စျေးတည်ဆောက် ပြုပြင်ရန် လိုအပ်သည့်လုပ်ငန်း များ၊ စျေးရောင်း၀ယ်ဖောက်ကား မှုအခြေအနေ၊ စျေးသန့်စင်ခန်း များ အခြေအနေ၊ စျေးတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့ကို မြေပြင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ ပြုပြင်ထိန်းသိမ်းရေးနှင့် တည် ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ဈေးရုံများနှင့် ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ပိတောက်မြိုင်ဈေး (မီးခွက်ဈေး) သည် (ခ) အဆင့် ဈေးဖြစ်၍ ၁၉၈၉ ခုနှစ်တွင် မီးခွက်ဈေးဟုတည်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုး ဈေးရုံများ ဆောက်လုပ်ကာ ပိတောက်မြိုင် ဈေးအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊
၂၀၁၈ ခုနှစ်မှစ၍ နှစ်ထပ်ဈေးရုံအပါအဝင် ဈေးရုံ ၁၉ ရုံ၊ ဆိုင်ခန်း ပေါင်း ၁၂၃၅ ခန်း ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း၊ အင်းစိန် မြို့နယ်၊ အင်းစိန်ဈေးသည် (က) အဆင့်ဈေးဖြစ်၍ ၁၉၁၈ ခုနှစ်တွင် မြို့တော် ကောင်စီမှ အင်းစိန်မြို့မဈေး ဟူ၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်မှစပြီး အင်းစိန်ဈေး အဖြစ် ဆိုင်ခန်းပေါင်း ၁၆၉၇ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိ ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးသည် (က) အဆင့်ဈေးဖြစ်၍ ၁၉၈၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး ဈေးရုံ ၁၃၃ ရုံ၊ ဆိုင်ခန်းပေါင်း ၂၆၃၈ ခန်းဖွင့်လှစ်၍ ယာဉ်အပို ပစ္စည်းများ ရောင်းချလျက်ရှိ ကြောင်း သိရသည်။
မိုးမြင့်မောင်