နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးဆောင်ရွက်နေမှုများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်  ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသား ရပ်ကွက်အကြား အောက်ကြည့်မြင်တိုင်လမ်းရှိ ကွင်းကျောင်း မြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ပြည်သူ များ အသိပညာပေးမှု၊ ကမာရွတ်မြို့နယ်၊ အခွန်လွတ်ဈေး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ပိတောက်မြိုင်ဈေး(မီးခွက်ဈေး) နှင့်အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးများ၌ အမှိုက်များကို စည်းကမ်း တကျစွန့်ပစ်ရန် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှု တို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဝင်းအတွင်း စည်ပင်သာယာဝန်ထမ်းအင်အား ၆၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘောလုံးကွင်းအတွင်း မြက်များ ဖြတ်ညှိခြင်း၊   ကျောင်းအုတ်နံရံရှိ တွယ်ကပ်ပင်များ ရှင်းလင်းခြင်းဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ကျောင်းမျက်နှာစာရှေ့ တည်ကြီးပင်များ စိုက်ပျိုးပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသား ရပ်ကွက်အကြား အောက်ကြည့်မြင်တိုင်လမ်းရှိ ကွင်းကျောင်း တံတားသို့ သွားရောက်၍  ကွင်းကျောင်းမြောင်းတစ်လျှောက် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းအတွင်းရှိ အမှိုက်များဆယ်ယူ ရှင်းလင်းနေမှု၊ “ရေမြောင်းထဲသို့ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်”  စာသားပါ အသိပေးနှိုးဆော်စာများ ချိတ်ဆွဲခြင်း၊ ဆိုင်းဘုတ်များစိုက်ထူခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) အခန်း (၂၉) တားမြစ်ချက် ပုဒ်မ ၃၁၇  ပုဒ်မခွဲ (ခ) တွင် ပြဌာန်းထားသည့် “ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက် များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများစီးဝင် စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ” ဟူသည့် တားမြစ်ချက်ကို ကျူးလွန်ပါက “ငွေဒဏ်ကျပ် ၅ သောင်းမှ ကျပ်(၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၃) လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်” ဟူ၍ ပြစ်ဒဏ်သတ်မှတ်ထားကြောင်း ရှင်းလင်းပြောကြားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ ရေမြောင်းများအတွင်း အမှိုက် စွန့်ပစ်ခြင်းမပြုဘဲ သတ်မှတ်နေရာများတွင်သာ စွန့်ပစ်စေရေး ပညာပေး လှုံ့ဆော်ရန်နှင့် ရန်ကုန်မြို့တော်ကြီးအား နေချင်စဖွယ် မြို့တော်ဖြစ်ပေါ်လာရေးအတွက် ဝိုင်ဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးကြရန် မှာကြားသည်။ 

အဆိုပါ ကွင်းကျောင်းမြောင်းသည် စမ်းချောင်းမြို့နယ် အောင်ချမ်းသာမြောင်း၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ကရင်ခြံ ရပ်ကွက်တို့မှ ရေများစီးဝင်ပြီး လှိုင်မြစ်အတွင်းသို့ စီးဝင် သည်။ ကွင်းကျောင်းမြောင်းကို ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းအားဖြင့် စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၇) ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ  စျေးများနှင့်ကုန်စည်ပွဲရုံများ ဌာန၊ ဟံသာဝတီအခွန်လွတ်စျေးသို့သွားရောက်၍ စျေးရောင်းဝယ် ဖောက်ကားနေမှု၊ ကုန်စျေးနှုန်းများ မှန်ကန်မှုရှိ/မရှိ လိုက်လံ စစ်ဆေးပြီး မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ  ဝန်ထမ်းများက မြို့တော်နေပြည်သူများအား အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ပြီး မြို့တော်ကြီးသန့်ရှင်းသာယာလှပ စေရန်ရည်ရွယ်၍ “စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းဟာ နိုင်ငံသား တိုင်းအတွက် ရှက်စရာပါ၊ နောက်ဖေးလမ်းကြားသည် အမှိုက်  စွန့်ပစ်ရန်နေရာမဟုတ်ပါ အစဉ်အမြဲ သန့်ရှင်းရေး နေထိုင်သူများ အလေးထားပေး၊ Clean Our City Together, Clean, Green and Bright City, လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း သည် မြို့တော်အလှအား ဖျက်ဆီးခြင်းဖြစ်သည်၊ သန့်ရှင်းသော လမ်းများဖြစ်စေခြင်းဖြင့် သင့်မြို့တော်အတွက် ဂုဏ်ယူပါ၊ ကိုယ့်လမ်းထဲက အမှိုက်တစ်စ အမှိုက်ပုံးထဲအရောက် စည်းနဲ့ ကမ်းနဲ့စွန့်ပစ်ကြ၊ ကြွက်၊ ခြင်၊ ယင် ပိုးမွှား မပေါက်ဖွားစေရေး၊ ရေကြီးရေလျှံမဖြစ်စေရေး ရေမြောင်းများ၊ ‌ချောင်းများထဲသို့ အမှိုက်မပစ်ခြင်းဖြင့် ကာကွယ်ပေး၊ တို့အိမ် တို့လမ်း တို့နေရာ အမြဲသန့်ရှင်းစေရေး ပူး‌ပေါင်းမနှေး၊ သန့်ရှင်းသာယာလှပသော မြို့တော်ရန်ကုန်ဖြစ်စေရေး အမှိုက်တစ်စမချခြင်းဖြင့် ပါဝင်ပေး၊ ရောဂါပိုးမွှားကင်းရှင်းစေရေး ရေမြောင်းများအား အစဉ်သန့်ရှင်း အောင်ထားရှိပေး၊ စနစ်တကျ အမှိုက်စွန့်က ကြွက်၊ ခြင်၊ ယင် နည်းပါးရ၊ ကြွက်၊ ခြင်၊ ယင် နည်းပါးလျှင် ကူးစက်ရောဂါကင်းဝေးစင်” စသည့် စာသားများပါ ဆိုင်းဘုတ်များ၊ လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ 

အလားတူ ကော်မတီဝင် ဒေါက်တာငွေစန်း ဦးဆောင်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းရှိ ပိတောက်မြိုင်ဈေးနှင့်  အင်းစိန်မြို့နယ်၊ ဈေးကုန်း အနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ အင်းစိန်ဈေးများ၌လည်း အသိပညာပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။









သတင်း-မိုးမြင့်မောင်   

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ