ရန်ကုန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဗဟန်းမြို့နယ်၊ အာဇာနည် ဗိမာန် ပြင်ဆင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အာဇာနည် ပုဂ္ဂိုလ်ကြီးများကို လာရောက်ဂါရဝပြုကြမည့် ပြည်သူများ ဝင်ထွက် သွားလာမည့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်နှင့် M-3 ရှေ့ ဂိတ်တွင် ပြင်ဆင်နေမှုများနှင့် အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည် ကုန်းအတွင်းရှိ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အခမ်းအနားပြင်ဆင် ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ကြည် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည်ကုန်းအတွင်းရှိ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိရေး တာဝန်ရှိသူများအား မှာကြား သည်။ ဆက်လက်၍ အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်နေမှု၊ မိသားစုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲ တွေ့ဆုံမည့်နေရာ ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟန်း မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် နောက်ဆုံးစီးခဲ့သည့် မော်တော်ကားပြသထားရှိမှု၊ ပြတိုက်ပတ်လမ်း တစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေးဆောင်ရွက်နေမှုများ၊ အပေါ်ထပ် ပြတိုက်အတွင်း ငယ်ဘဝမှ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်ဘဝအထိ ပြသထားရှိမှု၊ ဆက်လက်၍ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစု အမှတ်တရဓာတ်ပုံများ၊ ကလေးများ အိပ်ခန်းနှင့် ပြတိုက်အတွင်း ပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားသည်။
ဝင်းမင်း (ပြန်/ဆက်)