ရန်ကုန်၊ ဇွန် ၁၃
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး တစ်ပါးနှင့် စေတိယင်္ဂဏနိဗုဒ္ဓ ဆရာတော်ကြီး နှစ်ပါးတို့ကို ထပ်ဆင့် ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို ဇွန် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် သင်ကြားစီမံပါမောက္ခ ဌာနမှူး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ၊သ-စ-အ ဓမ္မာစရိယ ဒေါပုံသာသနဝံသကျောင်း၊ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ မာနိတာဘိဝံသထံမှ ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျက ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာစကား လျှောက်ထားသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါးတို့၏ ထေရုပ္ပတ္တိကို ဂေါပကရုံးဝန်ထမ်းတစ်ဦးက ဖတ်ကြားလျှောက်ထား ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တမာနိတာဘိဝံသ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခဌာနမှူးဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာရဒါဘိဝံသ၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် နှင့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဩဘာသာဘိဝံသ၊ ဥက္ကလာသီရိကျောင်းတိုက် ပဓာနနာယကဆရာတော်တို့ကို ဘွဲ့ တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊တိပိဋကဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဝါစ က ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု၊ ဘဒ္ဒန္တ နာရဒါဘိဝံသ (လှရတနာ) ဆရာတော်ရေးသားပြုစုသည့် နတ်များ စောင့်ရှောက်ချမ်းသာရောက်စေသော သုတ္တန်ပါဠိတော်များ စာအုပ် ထုပ်ဝေရေးအတွက် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်ရာ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျက လက်ခံရယူခဲ့သည်။
ယင်းနောက် ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ) ဆရာတော်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)