နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာလှပရေး ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်

သန့်ရှင်းသောနေရာတိုင်းသည် လူတို့အတွက် ရောဂါဘယ ကင်းဝေးစေ၏။ ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းသာခြင်းကို ဖြစ်စေနိုင် ၏။ လူမှုဘဝအဆင့်အတန်းမြင့်မားခြင်းကို ဆောင်ကြဉ်းပေး၏။ သန့်ရှင်းသောနေရာသည် လူတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရေး အတွက် အရေးကြီး၏။

အမှန်အားဖြင့် သန့်ရှင်းသောနေရာများကို လူတိုင်း နှစ်သက် ကြ၏။ ညစ်ညမ်းသောနေရာများကိုကား မနေလိုကြ။ လူတို့၏ ဓမ္မတာသဘောပင် ဖြစ်ချေ၏။ ယင်းသို့ဆိုလျှင် မိမိနေရာ၊ မိမိ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမည်။ မိမိနေရာ၊ မိမိဝန်းကျင် တွင် အမှိုက်များ ကင်းစင်အောင်ထားရမည်။ အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ရန်လိုသည်။ အမှိုက် သရိုက်များနှင့် နေချင်စဖွယ်အလျဉ်းမရှိသော ညစ်ညမ်းသည့်နေရာ သည် လူတို့အတွက် ရောဂါဘယအမျိုးမျိုး ဖြစ်စေနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး  အစည်းအဝေးကို  ဇွန် ၁၀ ရက်က  ရန်ကုန်တိုင်းဒေသကြီး ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာကြားသည်။

ရန်ကုန်မြို့တော်အတွင်း သန့်ရှင်းသာယာလှပရေး ရေစီး ရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက်  ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်အလိုက်၊ ခရိုင် အလိုက်၊ ခြံဝင်းရှိသည့် အိမ်များအားလုံးတွင် သစ်ပင်များ စိုက်ပျိုး စေရေးနှင့်  အန္တရာယ်ရှိသည့်  သစ်ပင်သစ်ကိုင်းများကိုလည်း စည်ပင်သာယာဦးစီးဌာနက စနစ်တကျ  ခုတ်ထွင်ပေးခြင်းများ ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ သစ်ပင်မရှိသည့် နေရာများ တွင် သစ်ပင်များ စိုက်ပျိုးစေရေး၊ သစ်ပင်များ စိမ်းလန်းစိုပြည်နေ စေရေးအတွက် ပြည်သူလူထုက သိရှိရန်နှင့် ပြည်သူလူထုက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းရေးအတွက်  ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် နေအိမ်ခြံဝင်းများရှိ နေရာလွတ်များ၌ သစ်ပင်ပန်းပင်များ စိုက်ပျိုးရန်၊ မြို့နယ်များရှိ လမ်းမကြီးများ၊ လမ်းသွယ်များ ခြံစည်းရိုးဘေး၊ ဌာနဆိုင်ရာရုံးများ၊ အိမ်ခြံရှေ့များ၌ မဟော်ဂနီ၊ စိန်ပန်း၊ ခရေနှင့် အခြားအပင်များ စိုက်ပျိုးရန်၊ အန္တရာယ်ရှိ သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းရန်၊ ဆေးရုံများ၊ ဘုန်း‌တော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင် ‌ရေးတွင် ဘက်စုံကောင်းမွန်သော ဥယျာဉ်မြို့တော်၊ သန့်ရှင်းသော မြို့တော်နှင့် စိမ်းလန်းသော မြို့တော်ဖြစ်ရန် လုပ်ဆောင်သွားရန် လိုအပ်သည်။ သို့ဖြစ်ရာ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် မိမိနေထိုင်ရာ မိမိပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် သန့်ရှင်း၊ စိမ်းလန်းသောနေရာများကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်း ပါဝင် စွမ်းဆောင်စေချင်ကြောင်း။       






အခြားဆက်စပ်သတင်းများ