ရန်ကုန် ဇွန် ၁၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် မြို့တော်ဝန်က “ကော်မတီရှိ ဌာနအသီးသီး မှ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့် ပတ်သက်၍ ကျေညက်စွာ သိရှိနားလည်နိုင်စေရေး အပတ်စဉ် ဆွေးနွေးပွဲများပြုလုပ်ရန်၊ မြို့တော် သန့်ရှင်းသာယာလှရေးနှင့် ပတ်သက်၍ နေအိမ်ခြံဝင်းများရှိ နေရာလွတ်များ၌ သစ်ပင်၊ ပန်းပင်များစိုက်ပျိုးရန်၊ မြို့နယ်များရှိလမ်းမကြီးများ၊ လမ်းသွယ် များ၊ ခြံစည်းရိုးဘေး၊ ဌာနဆိုင်ရာ ရုံးများ၊ အိမ်ခြံရှေ့များ၌ မဟော်ဂနီ၊ စိန်ပန်း၊ ခရေနှင့် အခြားအပင်များ စိုက်ပျိုးရန်၊ အန္တရာယ်ရှိ သစ်ပင်အကိုင်းအခက်များ ရှင်းလင်းရန်၊ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်းများ စနစ်တကျပြုစုထားရှိရန်၊ မြို့နယ်အလိုက် စည်ပင်သာယာလုပ်ငန်းဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီတင်ပြကြရန်၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး ဆက်လက် ဆောင်ရွက်ရန်၊ မြို့တော်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အား ပြည်သူလုထု ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးအတွက် သတင်းမီဒီယာနည်းလမ်းဖြင့် ပညာပေးလှုံ့ဆော်ရေးကို တိုးမြှင့် ဆောင်ရွက်ရန်” တို့ကို မှာကြားသည်။
ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
သတင်း-ရဲနန္ဒာလင်းမြင့်
ဓာတ်ပုံ-ရဲမင်းထွန်း