နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ အသွားအလာကန့်သတ်ထားဖို့ နေရာအခက်အခဲရှိနေဟုဆို

ရန်ကုန်    ဇူလိုင်    ၄


အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာမည့်သူများတရားဝင်လမ်းကြောင်းအတိုင်း ပြန်လာလျှင် ချင်းပြည်နယ် အစိုးရက လက်ခံမည် ဖြစ်သော်လည်း ယင်းတို့ကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အသွားအလာကန့်သတ်ထားရှိဖို့နေရာအခက်အခဲဖြစ်နေကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

အိန္ဒိယနိုင်ငံက နေရပ်ပြန်လာမည့်သူများလာလျှင် နေရာအခက်အခဲဖြစ်နေရသည်ဟုဆိုခြင်းကို ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောသည်။


ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာဆိုတော့ ကျွန်တော်တို့ Quarantine ထားဖို့တော့ အခက်အခဲဖြစ်နေပါတယ်။ မြို့ပေါ်တွေ ဘာတွေမှာတော့ ခန်းမတွေရှိတယ်။ ကျီးခါးမှာတော့ အားကစားရုံရှိတယ်။ အဲဒီမှာအခန်းကန့်ပြီးတော့ ထားလို့တော့ရတယ်။ လူများလာပြီ၊ နှစ်ရာ၊ သုံးရာဖြစ်လာရင်တော့ အခက်အခဲအများကြီးရှိပါတယ်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့က ပြန်လာဖို့ ၃၀ဝ ရှိတယ်။ နှစ်သုတ်ခွဲပြီး ပြန်လာဖို့ ပြောလိုက်သေးတယ်။ ဒီလိုမှမဟုတ်ရင်ထားဖို့ နေရာတော်တော်ခက်ခဲမှာ” ဟုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံကနေရပ်ပြန်လာမည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်လာနိုင်ရေးအတွက် အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် ကျီခါးမြို့တို့ကိုတရားဝင် လမ်းကြောင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။


အစိုးရက သတ်မှတ်ထားသောလမ်းကြောင်းက မဟုတ်ဘဲ တခြားလမ်းကြောင်းက ခိုးဝင်လာခဲ့လျှင် တရားဥပဒေအတိုင်း ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နေရပ်ပြန်လာသူများက ရိခေါဒါရ်နှင့် ကျီခါးမြို့များရှိသွားလာရေးကန့်သတ်ထားမည့် နေရာများတွင် (၂၁) ရက် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေခြင်းကြောင့် ယက္ကန်းလုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား ၃ဝဝ ဦးခန့်က အလုပ်အကိုင်အဆင်မပြေသည့်အတွက် နေရပ်ပြန်ချင်နေကြခြင်းဖြစ်ကြောင်း သိရသည်။       


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ