နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုက မူးယစ်ဆေးဖြတ်ပြီးသူ ၆၅ ဦး ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရန်ကုန်  ဇွန်  ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီး နောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိစိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေး ဖြတ် သင်တန်းသား ၆၅ ဦးကျော်ရှိပြီးဖြစ်ကြောင်း ဇွန် ၈ ရက်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုရုံးစုပေါင်းခန်းမ၌ ပဉ္စမအကြိမ် ကျင်းပပြုလုပ်သည့် မူးယစ် ဆေးဖြတ် သင်တန်းသားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲအခမ်းအနားက သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင် ရေးအသင်း(မြန်မာ)ဗဟိုက ဥက္ကဋ္ဌဦးစံရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ)ဗဟိုက အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးစွဲလူနာများအား ဆေးကုသမှုမဖြစ်မနေခံယူရန် လိုအပ်သည့်အကြောင်း၊ ကျောင်းသားလူငယ်ထုဆက်သွယ်ရေး သံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီးသူများအား ဆေးဖြတ်ပြီးပါက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူ ရန် များစွာလိုအပ်သည့်အကြောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုက ဥက္ကဋ္ဌဦးစံရှိန်က မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး အန္တရာယ်များအကြောင်းတို့နှင့် ပတ်သက်၍ အသီးသီး အသိပညာ ပေး ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်း ဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဥက္ကဋ္ဌ ဦးစံရှိန်က သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှုအခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနက တာဝန်ရှိ သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား ၆၅ ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။








နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ