နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
''COVID ကာလ အွန်လိုင်းရှော့ပင်း လုပ်ကြရာဝယ်''

ရန်ကုန်    ဇူလိုင်    ၄


အွန်လိုင်းရှော့ပင်းဆိုတာ ဘာလဲလို့မေးရင် အွန်လိုင်းပေါ်က ဈေးရောင်း၊ ဈေးဝယ်လုပ်ကြတာလို့ ရိုးရိုးလေးဖြေလိုက်ရုံပါပဲ။ ဒီကနေ့ အွန်လိုင်းရှော့ပင်းဆိုတဲ့စကားရပ်ဟာ မြန်မာပြည်အတွက် အထူးအဆန်း မဟုတ်တော့ပေမယ့် Amazon၊ eBay ၊ Alibaba တို့လို အွန်လိုင်းအရောင်းအဝယ်ထွန်းကားနေတဲ့ လုပ်ငန်းကြီး တွေနဲ့ယှဉ်ရင် အင်မတန်နောက်ကျနေပါသေးတယ်။ အာဆီယံနိုင်ငံချင်းယှဉ်ရင်တောင် ဖိလစ်ပိုင်နိုင်ငံက Lazada Philippines နဲ့ ထိုင်းနိုင်ငံက Tarad စတဲ့ အွန်လိုင်းအရောင်းအဝယ်ထွန်းကားနေတဲ့လုပ်ငန်းတွေကို လိုက်မီခြင်းမရှိသေးတာကို တွေ့ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အိုင်တီအခြေခံအဆောက်အဦတွေ၊ ဘဏ် လုပ်ငန်းနဲ့ငွေပေးချေမှုစနစ်တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ E-Commerce လို့ခေါ်တဲ့ အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းဟာ တရိပ်ရိပ်တိုးတက်လာဖွယ်ရှိပါတယ်။ ဒီအချင်းအရာကို ပိုပြီးအားဖြည့်လိုက်တာ ကတော့ တစ်ကမ္ဘာလုံးကိုရိုက်ခတ်သွားတဲ့ Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပဲဖြစ်ပါတယ်။ Covid ကာလ အတွင်း လူငယ်ထုအချို့ရဲ့ လက်ရှိလုပ်ငန်းတွေနဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေဟာ တိမ်းစောင်းကုန်တဲ့ အနေအထားကို ရုတ်ခြည်းရောက်သွားပါတယ်။ ဒီအခါမှာ လူငယ်အမျိုးသမီးအများစုက အွန်လိုင်းပေါ်က ပစ္စည်းအော်ဒါကောက်တာ၊ ကိုယ်တိုင်ရောင်းချတာ၊ ကိုယ်စားလှယ်ယူပြီး အမြတ်တင်ရောင်းချတာတွေကို အားပြုလုပ်ဆောင်လာကြပါတယ်။ ဘယ်လိုပဲလုပ်လုပ် ဒီလုပ်ငန်းရဲ့အကျိုးအမြတ်နဲ့ ကိုယ်လုပ်ရတဲ့ ဝန်ထုပ် ဝန်ပိုးအင်အားမျှ/မမျှကို သေချာဆန်းစစ်တွက်ချက်တတ်ဖို့ လိုပါတယ်။


အွန်လိုင်းရှော့ပင်းတွေ ခေတ်စားလာတော့ သင်တန်းကျောင်းတွေရဲ့ ဦးတည်ရာဟာလည်း တစ်မုဟုတ်ချင်း  ပြောင်းလဲလာပါတယ်။ ယခင် ''ခေါင်းဆောင်မှုပညာသင်တန်းများ '' ခေတ်စားစဉ်တုန်းကလိုပဲ အွန်လိုင်းပေါ် တွင် ဈေးကွက်ယူနည်း၊ အွန်လိုင်းရှော့ပင်းအရောင်းသွက်နည်း၊ အရောင်းစွမ်းရည်မြှင့်တင်နည်း၊ ဝယ်သူကို ဆွဲဆောင်နည်းစသဖြင့် ဈေးရောင်းချတဲ့အလုပ်ကိုပဲ အတတ်ပညာကြီးတစ်ခုသဖွယ်ဘာသာရပ်ခွဲပြီး                 ခေါင်းစဉ်ကြီးငယ်အသွယ်သွယ်တပ်လို့ သင်တန်းပေါင်းစုံဖွင့်လှစ်လာကြပါတော့တယ်။ နောက်ဆုံးတော့ အွန်လိုင်းရှော့ပင်းရဲ့ဂယက်ဟာ Digital Marketing သင်တန်းကျောင်းတွေအတွက် အလားအလာပိုကောင်း လာသလိုတောင်ဖြစ်နေပါသေးတယ်။

အွန်လိုင်းရှော့ပင်းလုပ်နေသူတွေကို မြတ်ရဲ့လားမေးကြည့်တဲ့အခါ လုပ်တတ်ရင်အမြတ်ချည်းပါပဲလို့ သူတို့ကဆိုပါတယ်။ ငွေကြေးအမြတ်အစွန်းမဟုတ်ပါဘူး။ အွန်လိုင်းရှော့ပင်းစလုပ်ပြီဆိုတာနဲ့ Customer Service က မသင်ဘဲ အလိုလိုတတ်သွားကြတယ်လို့ဆိုပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို ဝယ်ယူသူစိတ်တိုင်းကျဖို့ အရေး အချိုသာဆုံးရှင်းပြ၊ ပြောပြရတဲ့ပညာကို သူ့အလိုလိုတတ်မြောက်လာပါတယ်။ လူတွေနဲ့ ဘယ်လို ဘယ်ပုံဆက်ဆံရမယ်။ ဘယ်လိုလူကို ဘယ်လိုမျိုးဝန်ဆောင်မှုပေးရမယ်ဆိုတာတွေကို You Tube ကတစ်ဆင့် လေ့လာလို့ရတဲ့ဗီဒီယိုထောင်သောင်းချီပြီးလည်းထွက်နေပြီဖြစ်ပါတယ်။


နောက်တစ်ခုက Marketing အခြေခံသဘောတရားပါ။ ကိုယ်ရောင်းမယ့်ပစ္စည်းကို ရောင်းလိုတဲ့ဈေးနဲ့ ရောင်းထွက်အောင်ဘယ်လိုလုပ်မလဲ။ ဈေးကွက်သဘောကဘယ်လိုရှိလဲ။ ပုံနဲ့စာနဲ့တွဲတင်ပြီး ကြော်ညာ ရမလား။ ဒါမှမဟုတ် ပစ္စည်းအပေါ် တခြားလူတွေပေးထားတဲ့ positive comments တွေကိုစုစည်းပြီး                နောက်ထပ်ဝယ်ယူသူကိုရှာဖွေမလားစသဖြင့် ဈေးကွက်ရှာရမယ့်နည်းလမ်းတွေနဲ့ ဝယ်သူရဲ့အာရုံကိုဖမ်းစား နိုင်မယ့်အချက်တွေ၊ ဝယ်သူပိုများလာအောင် ချင့်ချိန်စဉ်းစားရမယ့်အရာတွေဟာ အွန်လိုင်းရှော့ပင်းလုပ်တော့ မယ့် လူငယ်တွေအတွက် တကူးတကသင်စရာမလိုတဲ့ Marketing ရဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။

အွန်လိုင်းရှော့ပင်းအတွက် အရေးကြီးတဲ့အချက်တစ်ခုကတော့ Problem Solving Skill လို့ခေါ်တဲ့ ပြဿနာတွေကို ဖြေရှင်းနည်းပဲဖြစ်ပါတယ်။ အွန်လိုင်းရှော့ပင်းလုပ်တဲ့အခါ ရင်ဆိုင်ကြုံတွေ့ရမယ့်ပြဿနာ တွေဟာအများကြီးပါပဲ။ ဒီတော့ ပြဿနာတစ်ခုချင်းစီကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကိုယ်တစ်ယောက် တည်း အကြံဉာဏ်သာမက အခြားသောအွန်လိုင်းက ဈေးရောင်း၊ ဈေးဝယ်လုပ်နေတဲ့အသိ၊ မိတ်ဆွေတွေ ဆီကပါ အကြံဉာဏ်ရယူပြီးပညာသားပါပါဖြေရှင်းဖို့လိုပါတယ်။ ဒီနေရာမှာ ပြဿနာဖြေရှင်းနည်း၊ ကိုင်တွယ် နည်းတွေပေါ်မူတည်ပြီးတော့ ကိုယ့်လုပ်ငန်းဟာ ရပ်တန့်သွားမလား၊ ဒါမှမဟုတ် ရေရှည်ဆက်သွားနိုင်မလား ဆိုတာကို သတ်မှတ်လိုက်နိုင်မှာပဲဖြစ်ပါတယ်။ Customer Complain တွေကို ကျော်လွှားနိုင်ရင် Problem Solving Skill တွေကို မုချကျော်လွှားနိုင်မှာပဲဖြစ်ပါတယ်။


နောက်ဆုံးအရေးကြီးဆုံး အနှစ်ချုပ်အချက်ကတော့ Management ပါ။ Supplier လက်ထဲကနေ Customer လက်ထဲထိရောက်အောင် ဒီအရောင်းအဝယ် Process ကြီးတစ်ခုလုံးကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာပေါ့။ Delivery အပ်တာကအစပြုပြီး အော်ဒါလက်ခံချိန်တွေ ပိတ်ချိန်တွေကအဆုံး ကိုယ်တိုင်စီမံခန့်ခွဲ ရမှာဖြစ်လို့ ပင်ပန်းပေမယ့် တကယ်ပညာရတဲ့အလုပ်ပါ။ ပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာမယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာမယ်။ နောက်ဆုံးအချက်ကတော့ ငွေကြေး ကိုစနစ်တကျစီမံပြီးသုံးတတ်လာတာပါ။ အရင်က မိဘဆီက လက်ဖြန့်တောင်းတုန်းက ငွေကြေးဆိုတာ နားမလည်သလောက် အခုကိုယ်တိုင်ရှာရတဲ့အခါ ငါ့မှာ ငွေ ၁၀ဝ၀/၂၀ဝ၀ အတွက်လည်း အချိန်လုံ့လဝီရိယ တွေစိုက်ထုတ်ရပါလားဆိုတဲ့အသိဝင်လာပြီး နှမြောတတ်လာမယ်။ အရင်လောက်လွယ်လွယ်မသုံးဘဲ သေချာ စိစစ်ပြီးသုံးတတ်လာတယ်။ တချို့တွေက Online Shopping လုပ်တာများ အထင်မကြီးဘူးဆိုတာမျိုး ရှိတယ်နှိမ်ချင်ကြတယ်။ ဒါပေမယ့် ဂရုမစိုက်ပါနဲ့။

အပေါ်မှာ ပြောထားသလို ပညာတွေက အလကားထိုင်နေရင်းမရသလို ယူတတ်ရင်လည်းရှေ့လျှောက်  ဘာလုပ်ငန်းလုပ်လုပ်အထောက်အကူဖြစ်နေဦးမှာပဲ။ ဒါပေမယ့် လမ်းတစ်ဝက်မှာ အရှုံးမပေးလိုက်ပါနဲ့ အရှုံးပေးမှုတွေကြောင့် Online Shopping အများကြီးရှိတဲ့အထဲမှာ တချို့အွန်လိုင်းရှော့ပင်းလုပ်သူတွေကပဲ နှစ်နဲ့ချီပြီး လုပ်ကိုင်နိုင်ကြတာပါ။ တကယ့်အလုပ်တစ်ခုလို ကြိုးစားပြီး အားအင်နဲ့လုပ်ကြည့်ပါ။  ဘာပဲဖြစ်ဖြစ် ငွေကြေးမဟုတ်ရင်တောင် ပညာအမြတ်အစွန်းကတော့ ကျန်မှာပဲဖြစ်ပါတယ်။ အခုခေတ်မှာတော့ facebook ပေါ်မှာ online shop လုပ်တာကတော့ မဆန်းတော့ပါဘူး။ အရင်းအနှီးလေးနည်းနည်းရှိတာနဲ့ လုပ်လို့ရနေ ကြပါပြီ။ 


ဒီတော့ အရင်ဆုံးကိုယ်ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ Product ရွေးပြီး Market (ဈေးကွက်)မှာ အဓိက ဘာလိုနေလဲဆိုတာကို စဉ်းစားရောင်းချဖို့စရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ကုန်ပစ္စည်းက ဘယ်သူတွေဆီကို ဦးတည်ချင်တာလဲ။ ဥပမာ-cosmetic ဆို မိန်းကလေးအများစုကိုဦးတည်ပြီး မီးဖိုချောင်သုံးပစ္စည်းဆို အိမ်ရှင်မတွေဆီ ဦးတည်တာမျိုးစသဖြင့် ကိုယ့်ကုန်ပစ္စည်းနဲ့ လိုက်ဖက်မယ့်ဝယ်ယူသူကို Target ထားပြီး ရောင်းချရမှာဖြစ်ပါတယ်။ အားလုံးပြင်ဆင်ပြီး အစီအစဉ်ကျပြီးနောက် ရောင်းပြီဆိုရင် သတိထားရမယ့်အရာ တစ်ခုရှိနေပြန်ပါတယ်။ ဒါကတော့ မိမိလိုပဲ ပစ္စည်းတူအမျိုးအစားတူရောင်းချနေတဲ့ နောက်ထပ်အွန်လိုင်း ရှော့ပင်းသမားပဲဖြစ်ပါတယ်။ သူတို့ ဘယ်ဈေးနဲ့ ဘယ်လိုရောင်းချနေလဲ။ ဘယ်သူတွေဆီ ဦးတည်ရောင်းချ တာလဲစသဖြင့် ဈေးကွက်ကိုလိုက်လံစုံစမ်းဖို့လိုပါတယ်။ တချို့အရာတွေကို လိုက်လံအတုယူပြီး မိမိကိုယ်တိုင် ဘယ်လိုပြန်ပြီးလုပ်ဆောင်မလဲဆိုတဲ့ ကိုယ်ပိုင်အတွေးစွမ်းရည်ထုတ်ပြသင့်ပါတယ်။ ပြိုင်ဘက်ရဲ့ အားနည်းချက် တချို့ကိုမြင်အောင်သုံးသပ်ပြီး ကိုယ်ကအဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့အထိလုပ်ဆောင်မယ်ဆိုရင် customer တွေကို ကိုယ့်ဘက်ပါအောင်စွမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ဒီအကြာင်းအချက်လေးတွေကိုဖတ်မိပြီးတာနဲ့ အွန်လိုင်းရှော့ပင်းလုပ်ဖို့ အတွေးရောစိတ်ကူးပါရလာနိုင် ပါတယ်။ သင်တန်းကြီးငယ်အသွယ်သွယ်ကို ငွေကုန်ကြေးကျခံပြီး တက်ရောက်နေဖို့ထက်ဈေးရောင်းခြင်း အတတ်ပညာကို ဈေးရောင်းလိုစိတ်နဲ့သာပေါင်းစပ်ဖို့လိုပါတယ်။ Covid ကာလ စားဝတ်နေရေး အကျပ်အတည်းကို အွန်လိုင်းရှော့ပင်းဖြင့်ကျော်ဖြတ်နိုင်ပါစေဟု ဆန္ဒပြုရင်း … ။           


 ဥမ္မာစိုး(City News)






အခြားဆက်စပ်သတင်းများ