နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သကြားဖြူ လုံလောက်စွာမထုတ်လုပ်နိုင်သဖြင့် ပြည်ပသို့ သကြားတင်ပို့ရောင်းချခြင်း ပြုလုပ်နိုင်မည်မဟုတ်

ရန်ကုန်၊ ဇူလိုင် ၄


  ပြည်ပမှသကြားဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေသော်လည်း သကြားဖြူလုံလောက်စွာ မထုတ်လုပ် နိုင်သဖြင့် ပြည်ပသို့ သကြားတင်ပို့ရောင်းချပေးခြင်းပြုလုပ်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ သတင်းများအရသိရသည်။ မြန်မာနိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသည်ကြီးမားကျယ်ပြန့်သော နိုင်ငံတကာသကြားဈေးကွက်ကြီးတစ်ခုဖြစ်နေသည်။


သို့သော် မြန်မာနိုင်ငံတွင်"သကြားဖြူ သကြားထုတ်နိုင်သည့် သကြားစက်ရုံများမှာ ကန့်ဘလူ သကြားစက်နှင့် နဝဒေးသကြားစက်စသည့် သကြားစက်ရုံ နှစ်ရုံသာရှိနေသည်။ ကျန်သည့် သကြားစက်ရုံ အများစုမှာ သကြားညို သကြားများကိုသာ ထုတ်လုပ်နေကြခြင်းဖြစ်သည်။ အဆိုပါပြည်တွင်းစက်ရုံများမှ ထုတ်လုပ်နေသည့်သကြား များမှာလည်း ပြည်တွင်းလိုအပ်ချက်ပြည့်ရုံမျှသာရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေနှင့် အနီးအနားတွင် ကြီးမားကျယ်ပြန့်သော သကြားဈေးကွက်ကြီးရှိနေသော်လည်း တင်ပို့ရောင်းချပေးနိုင် ခြင်းမရှိကြောင်းသိရသည်။  အဆိုပါအခြေအများကြောင့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ သကြားများကိုတင်သွင်းကာ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချနိုင်ရန်အတွက် Re-export permit များ ကို ၂၀၁၈ ခုနှစ်က စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ခွင့်ပြုဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင်တင်သွင်းမှုများ များပြားနေသဖြင့် ပြည်တွင်းသကြားစက်ရုံများမှထုတ်လုပ်သည့်သကြားများမှာ အမြောက်အမြားကျန်ရှိနေခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်တွင် သကြားဈေးနှုန်းများမှာ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါအခြေအနေများကြောင့် ပြည်တွင်းသကြားစက်ရုံများသာမကပဲ ကြံစိုက်တောင်သူများပါ အခက်အခဲများကြုံတွေ့လာခဲ့ရသည်။ ထို့ကြောင့် ပြည်ပမှ သကြားတင်သွင်းမှုများကိုရပ်ဆိုင်းလိုက်သဖြင့် တရုတ်နိုင်ငံသို့လည်း  သကြားတင်ပို့ရောင်းချ ပေးနိုင်ခြင်းမရှိတော့ဘဲ ပြည်ပသို့သကြားတင်ပို့မှုလုပ်ငန်းများလည်း ရပ်ဆိုင်သွားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ မလေးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသည် မြန်မာနိုင်ငံမှ သကြားများဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။


၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း မလေးရှားနိုင်ငံ၏ စစ်မှုထမ်းဟောင်းများဖြင့်ဖွဲ့စည်းထားသည့် Kpoerast Ventera Malaysia Berhad အဖွဲ့အစည်းသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆန်နှင့်သကြားကိုဝယ်ယူလိုကြောင်း လာရောက်ဆွေးနွေးခဲ့သည်။ ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်ပါဝင်သည့် အဓိကအချက်များ ကို သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်တင်ပြနိုင်ရန် အကြောင်းကြားထားသည်ဟု ဆိုသည်။ ထို့အတူ ဧပြီ ၃၀ ရက်ကလည်း သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံရှိသကြားအပါအဝင် အခြေခံစားသောက်ကုန်စည် ၁၀ မျိုးအား ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားသည်ဟုဆိုသည်။


မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်နိုင်မှုမှာလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သကြားတန်ချိန် ၄၅၀ဝ၀ဝ ခန့်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သကြားတန်ချိန် ၃၉၀ဝ၀ဝ ကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သကြား တန်ချိန် ၃၇၀ဝ၀ဝ ကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သကြားတန်ချိန် ၅၀ဝ၀ဝ၀ ကျော်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သကြားတန်ချိန် ၄၇၀ဝ၀ဝ ကျော် ထုတ်လုပ်နိုင်ခဲ့သဖြင့် နှစ်စဉ်သကြားတန်ချိန်လေးထောင်မှ ငါးထောင်အထိ ထုတ်လုပ်နိုင်မှုရှိနေသော်လည်း အဆိုပါထုတ်လုပ်နိုင်မှုမှာ ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံမျှပင် ရှိနေသဖြင့် ပြည်ပသို့တင်ပို့ရောင်းချပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။       


ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ