နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သေတ္တာများ သယ်ယူပို့ဆောင်မှု သုံးပုံတစ်ပုံကျဆင်း

ရန်ကုန်၊ ဇူလိုင် ၃


ယခုအခါ ပြည်တွင်းတွင် ကုန်သေတ္တာများကို သယ်ယူပို့ဆောင်သည့် လုပ်ငန်းများ၌ ယခင်အခြေအနေ နှင့် နှိုင်းယှဉ်ကြည့်ပါက သုံးပုံတစ်ပုံလောက် ကျဆင်းနေသော အခြေအနေမျိုးရှိသည်ဟု မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းမှ သိရသည်။

“COVID မတိုင်ခင်အခြေအနေနဲ့ အခုအခြေအနေက တော်တော်လေးကို ကွာတယ်၊ အရင်ကဆိုရင် မြန်မာ နိုင်ငံအနှံ့ကို ကုန်သေတ္တာတွေပို့ဆောင်နေရတဲ့အနေအထားက လက်ရှိမှာက သုံးပုံတစ်ပုံလောက် ကျဆင်းနေတဲ့ အခြေအနေမျိုးဖြစ်လာတာ။ ဒီလိုအခြေအနေတွေမှာလည်း နယ်စပ်မူဆယ်ကနေ ကြယ်ခေါင်ဘက်ကို သွားရင် ဒီဘက်က ဒရိုင်ဘာတွေက မောင်းလို့မရတော့ဘူး၊ ဟိုဘက်က ဒရိုင်ဘာတွေလာမောင်းကြတော့ ကားတွေက တန်းစီပြီး ပြည့်ကျပ်နေတာတွေလည်းရှိသလို ကားတွေက ၄၊ ၅ ၁၀ ရက်လောက်ကြာသွားတာ တွေရှိတယ်”ဟု မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း ဥက္ကဋ္ဌ ဦးအောင်မိုးက ရှင်းပြသည်။


သင်္ကြန်မတိုင်ခင်လောက်က ယာဉ်မောင်းများ ပြန်သွားကြခြင်းကြောင့် ယာဉ်မောင်းအခြေအနေလိုအပ်ချက် ရှိခဲ့ရာမှ ယခုအခါတော်တော်များများ ပြန်လည်ရောက်ရှိလာပြီးလုပ်ငန်းခွင်အတွင်း ဝင်ရောက်၍ လုပ်ကိုင် နေကြကြောင်း၊ ယခင်က တစ်လလျှင်ပျမ်းမျှ ကုန်သေတ္တာအလုံးပေါင်း ၁၀ဝ၀ဝ၀ ကျော်ကို မြန်မာနိုင်ငံအနှံ့ ပို့ဆောင်ပေးနေလျက်ရှိရာမှာ ယခုအခါသုံးပုံတစ်ပုံစာလောက် ကျဆင်းနေသောအခြေအနေမျိုးဖြစ်သလို ယခု သယ်ယူပို့ဆောင်နေသော ကုန်ပစ္စည်းများမှာ ဧပြီလလယ်ပိုင်းလောက်ကတည်းက ဆိပ်ကမ်းများအတွင်း ရောက်ရှိနေသည့် ကုန်ပစ္စည်းများဖြစ်သည့်အတွက် ယင်းကုန်စည်များသယ်ယူမှုပြီးစီးပါက သယ်ယူ ပို့ဆောင်ရေးအခြေအနေများမှာ ထပ်မံကျဆင်းနေမည့် အနေအထားမျိုးရှိနိုင်ကြောင်း သုံးသပ်ထားကြသည်။ “ပုံမှန်အားဖြင့်ကလည်း အခုလိုမိုးရာသီမှာ ကုန်စည်သယ်ယူပို့ဆောင်ရတဲ့အခြေအနေတွေက ကျဆင်းတတ် ပါတယ်၊ အခုကလည်း ပြီးခဲ့တဲ့ ဧပြီလလယ်လောက်ကတည်းက ဆိပ်ကမ်းဝင်ထားတဲ့ကုန်တွေကို လုပ်နေရ တာဆိုတော့ ဆက်လက်ပြီးတော့ အခြေအနေက ကျဆင်းဖို့ရှိမယ်လို့ပဲ ယူဆရပါတယ်”ဟု ယင်းက ရှင်းပြ သည်။

ထိုသို့သယ်ယူပို့ဆောင်နေသော ကုန်သေတ္တာများတွင် ပဲ၊ ပြောင်း၊ ဆန် တို့အပါအဝင် သစ်သီးဝလံများလည်း ပြည်ပပို့ကုန်များအဖြစ် အများဆုံးသယ်ယူပို့ဆောင်နေရသလို တိရစ္ဆာန်အစာများ၊ အိမ်သုံးပစ္စည်းများ၊  ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ၊ စက်ရုံများအတွက် ကုန်ကြမ်းပစ္စည်းများ၊ ဓာတုဗေဒဆိုင်ရာ ပစ္စည်းများ စသည့် ပစ္စည်းများကို သွင်းကုန်များအဖြစ် သယ်ယူပေးနေရကြောင်း သိရသည်။ ယခုလိုကြုံနေရသော အခြေအနေမှ မိုးအကုန်လာမည့်အောက်တိုဘာ၊ နိုဝင်ဘာလောက်တွင် အခြေအနေ ပြန်ကောင်းရန် မျှော်လင့် ထားသော်လည်း COVID 19 ကပ်ရောဂါလည်း မပြီးသေးသည့် အခြေအနေမျိုးဖြစ်နေသည့်အတွက် စိုးရိမ်မှုများ လည်းရှိနေကြောင်း သိရသည်။     


  (HK)






အခြားဆက်စပ်သတင်းများ