နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ မိမိကစ ကာကွယ်ရန် အထူးလိုအပ်

ရန်ကုန်၊ ဇူလိုင် ၃


မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်း အများဆုံးပေါက်ပွားတတ်သောကြောင့်  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိရာ မိမိနေအိမ်နှင့်ဝန်းကျင်တွင် ပိုးလောက်လန်းပေါက်ပွားမှုအား မိမိနေအိမ်ကစ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အထူးလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“သွေးလွန်တုပ်ကွေးရောဂါဟာ ကိုဗစ်-၁၉ရောဂါလိုကုသနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒန်ဖက်ဆီးယားဆိုတဲ့ ကာကွယ်ဆေးပဲ ရှိပါသေးတယ်။ ဒါကြောင့်အထူးဂရုစိုက်ဖို့လိုပါတယ်။ ဇွန်လကစပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများတတ်တာကြောင့် ကိုဗစ်-၁၉ကာလမှာ မိမိနေအိမ်ကစပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဖို့အထူး လိုအပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။


၁၉၆၄-ခုနှစ်မှစ၍  မြန်မာနိုင်ငံတွင်  သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တွင် ၁၉၇၀-ပြည့်နှစ်၌ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းသည် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ပိုးလောက်လန်း ခိုအောင်းနိုင်သောနေရာများတွင် အဘိက်ဆေးခတ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်လူဉီးရေ သန်း ၃၉၀ ကျော်မှာ သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံရလျက်ရှိပြီး ၂၀၁၉ -ခုနှစ်သည် သွေးလွန်တုပ်ကွေးရောဂါအများဆုံးဖြစ်ပွားခဲ့ရာနှစ်တစ်နှစ်ဖြစ်၍ အမေရိကားတိုက်၌    ၃ ဒသမ ၁ သန်းဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ         ၁၃၃၄ ဦး ရှိခဲ့ပြီး ၉  ဦး သေဆုံး၍ မေ ၃၀ ရက်ထိ ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ  ၂၅၁ ဦးတွ င် ၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းသည်  သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး(Dengue Virus)သယ်ဆောင်လာသော နေ့အချိန်တွင်ကိုက်လေ့ရှိသည့် ခြင်ကျားကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ထိုခြင်ကျားမှာ ရေကြည်ရေသန့်တွင် ၈ ရက်မှ ၁၀ ရက်အတွင်း ပိုးလောက်လန်းမှ ကူးပြောင်းလာခြင်းဖြ စ်ရာ သက်တမ်းနှစ်ပတ်မှ တစ်လအတွင်းဥပေါင်း ၄၀၀ မှ ၈၀၀ ထိ ဥနိုင်သောကြောင့် မိမိနေအိမ်မှစ၍ ပိုးလောက်လန်းကိုနှိမ်နင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မိုးရာသီတွင် အထူးသတိပေးလျက်ရှိသည်။

ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါအမြစ်တွယ်နေသော နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး နှစ်ပေါင်း ၂၀ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ၁၅ ဆတက်လာသောကြောင့် သေဆုံးနှုန်းမှာလည်း ၅ ဆ တက်လာကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးလည်း ပါဝင်ရာ  ယခုလိုမိုးရာသီ၌ ကမ္ဘာ့ကပ်ရောဂါဖြစ်သော Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးကိုလည်း မိမိနေအိမ်မှအစပြု၍ ကာကွယ်ရန်  ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 


ဓာတ်ပုံ - ကနူး -  ( ၁၁၂ )






အခြားဆက်စပ်သတင်းများ