နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းဖော်ပြချက်အရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ အမြင်အာရုံချို့တဲ့သူပေါင်းနှင့် မျက်စိ ကွယ်သူပေါင်း ၂ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ၎င်းတို့၏ ၉၀ ရာခိုင်နှုန်း မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး အမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ကုသ၍ ရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မျက်စိအာရုံချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက်ရှိ၏။ မျက်စိနှင့်ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတနည်းပါးလျက်ရှိ၏။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်စေနိုင်သော အဖြစ်များရောဂါများ မှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်‌ရောဂါ၊ မျက်ခမ်းစပ်ရောဂါ မျက်ကြည်လွှာအနာရောဂါနှင့် ကလေးများတွင် ဗီတာမင်ချို့တဲ့ ရောဂါနှင့် ဆီးချို၊ သွေးတိုးကြောင့် နောက်ဆက်တွဲရောဂါများ ဖြစ်သည်။

နိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အင်တိုက်အားတိုက် ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကြေညာ နိုင်ခဲ့သည်။ မြန်မာ့ကျန်းမာ‌ရေးမျှော်မှန်းချက် ၂၀၃၀ ပြည့်နှစ်တွင် မျက်စိကျန်းမာရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်တွင် ပါဝင်သည်။

သို့ဖြစ်ရာ မျက်စိရောဂါဖြစ်ပွာနှုန်းနည်းစေရန် ကာကွယ်ရေး နှင့် ကုသရေးအစီအမံများကို လိုက်နာရန်လိုအပ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုအရည်အသွေးပြည့်ဝပြီး လူတိုင်း လက်လှမ်းမီရေး ရည်မှန်းချက်အတိုင်း ရှောင်လွှဲ၍ ရနိုင်သော မျက်မမြင်များနှင့် အမြင်အာရုံချို့တဲ့ခြင်းမှ လူတိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအထိ ကွင်းဆင်း၍ မျက်စိစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းစသော ပဏာမ မျက်စိ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် လိုအပ်နေသည်။

အမျိုးသား မျက်စိကျန်းမာရေးစီမံကိန်း (၂၀၂၅-၂၀၃၀) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မျက်မမြင်ကာကွယ်ရေး မဟာဗျူဟာဖြစ်သော လူတိုင်းအတွက် မျက်စိကျန်းမာ‌ရေးဆီ သို့ ရည်မှန်းချက်နှင့်အညီ  အမြင်အာရုံချို့တဲ့ခြင်း လျော့နည်း ကျဆင်းစေရေးနှင့် အရည်အသွေးပြည့်ဝသော မျက်စိကျန်းမာရေး‌ စောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ  ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်စေချင်ကြောင်း။      






အခြားဆက်စပ်သတင်းများ