နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိပညာဖွေရှာမှ ဘဝရှင်သန်ဖွံ့ဖြိုး သားသမီးတို့ ပညာရေးအလေးပေး

လူသားတစ်ဦးဘဝတစ်လျှောက်အောင်မြင်စွာ ရပ်တည်နိုင် ရေးတွင် ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာဗဟုသုတပြည့်စုံခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ဥစ္စာဓနဖူလုံခြင်း၊ အကျင့် စာရိတ္တကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံရန်လိုအပ်သည့် အခြေခံအုတ်မြစ်မှာ ပညာရေးပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍ နှစ်ပေါင်း ထောင်ချီထွန်းကားတည်တံ့ခဲ့သည့် နိုင်ငံဖြစ်သည်။ စာပေ ယဉ်ကျေးမှုထွန်းကားခဲ့၍ ပတ်ဝန်းကျင်တစ်ခွင်ဝင့်ထည်စွာ ရပ်တည်ခဲ့သည်။

ပညာရေးသည် လူတစ်ယောက်၏ စွမ်းရည်ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ကြွယ်ဝလာစေပြီး အလုပ်အကိုင်အခွင့်အလမ်း သစ်ကိုလည်း တိုးပွားလာစေသည်။ လူတိုင်းပညာတတ်မြောက် ပြီး အလုပ်အကိုင်များရရှိကာ ဝင်ငွေများရရှိခြင်းဖြင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရသိရသည်။

မြန်မာစာသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့ သော ခန္ဓာနှင့်တူသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် စာပေအသိပညာဗဟုသုတများ ထွန်းကားစေရန် အစဉ်ကြိုးပမ်းနေရသည်။ စာတတ်မြောက်ခြင်းမှ တစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ပညာတက်လို စိတ်များဖြစ် ပေါ်လာနိုင်သည်။ ဘုန်းတော်ကြီးကျောင်းပညာရေးထွန်းကားခဲ့ သဖြင့် ကျေးလက်တောရွာများပင် စာတတ်မြောက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းအပ်နှံမှု သီတင်းပတ်အမြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံရေးရက်သတ္တပတ်၏ ပဉ္စမရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ ကျောင်းအပ်နှံသူ ၅၁၆၀၀၁၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

"ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့"ဟူသော ဆောင်ပုဒ်နှင့် အညီ ပညာသင်ယူတတ်မြောက်ထားသူတိုင်း မိမိတတ်မြောက်သည့် ပညာဖြင့် မိမိဘဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြမည့် ဖြစ်ရာ မိဘအုပ်ထိန်းသူတိုင်းက ပညာသင်အရွယ်ကလေး အားလုံးကို ကျောင်းအပ်နှံပေးကြရန် လိုအပ်ကြောင်း တိုက်တွန်း နှိုးဆော်ရပါသည်။






အခြားဆက်စပ်သတင်းများ