နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူပြင်းသော ရာသီနှင့် မီးဘေးအန္တရာယ်

မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းပြီး တဖြည်း ဖြည်း ပပျောက်သွားစေရန် လူတိုင်း မီးကို ဂရုပြုသုံးစွဲသင့်သည်။ ခြောက်သွေ့ရာသီတွင် နိုင်ငံတစ်ဝန်းကြုံတွေ့ရတတ်သည့် သဘာဝ ဘေးသည် မီးဘေးအန္တရာယ်ဖြစ်သည်။

တောမီးလောင်ခြင်း၊ ကျေးရွာကြီးများ၊ လူနေထူထပ်သော မြို့ကြီးများတွင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုများ ကြုံတွေ့ရတတ်သည်။ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင် မှု အကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်း ပေါင်း ၃၅ ဘီလီယံကျော် ဆုံးရှုံးကြောင်း၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်စဉ် အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။

မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတစ်ဝန်း အရှိန်အဟုန် မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။

မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများက ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မျက်မှောက် အခြေအနေတွင် ကမ္ဘာကြီး၌ အစွန်းရောက် ရာသီဥတုကြောင့် လူသားတိုင်းသည် သဘာဝဘေးအန္တရာယ်များ ကို နှစ်စဉ်ပိုမိုကြုံတွေ့ ခံစားကြရသည်။

မီးဘေးအန္တရာယ်ကို ပြည်သူအားလုံး သတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက် ရှိသော်လည်း ပြည်သူများလိုက်နာမှု အားနည်းကြောင်းတွေ့ရ သည်။ မီးလောင်ခံရလျှင် ပိုင်ဆိုင်မှုအားလုံးကို အလုံးစုံဆုံးရှုံးရနိုင် သဖြင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချရန် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ