နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရိုးရာယွန်းပညာနှင့် ဗိသုကာပညာရပ်တို့ ပေါင်းစပ်ဖန်တီးထားသော ပုဂံဘုရားပုံစံငယ်များ

ရန်ကုန် ဧပြီ  ၁၉

မြန်မာ့ရိုးရာယွန်းပညာ၊ ပန်း ၁၀ မျိုးနှင့် ဗိသုကာပညာရပ်များနှင့် လက်မှုအနုပညာများကိုပေါင်းစပ်ကာ ဝါး၊ နှီးများဖြင့် အခြေခံပြီး ပြုလုပ်ထားသော ပုဂံဘုရားပုံစံငယ်များကို စိတ်ဝင်စားနှစ်သက်သူ များပြားလျက်ရှိကြောင်း ပုဂံရှိ မြင်းကပါရွာမှ ယွန်းအတတ်ပညာရှင် ဦးသိန်းနိုင်ထံမှ သိရသည်။

ထို့ပြင် လက်ရှိအချိန်အထိ ပုဂံဒေသကအထင်ကရရှေးဟောင်း ဘုရားများဖြစ်သည့် ဓမ္မရံကြီးဘုရား၊ မနူဟာဘုရား၊ ပြာဿဒ်ကြီးဘုရား၊ ရွှေဆံတော်စေတီ၊ သဗ္ဗညုဘုရားတို့အပြင် ရွှေတိဂုံစေတီတော်ပုံစံငယ် များကိုပါ ဖန်တီးပြုလုပ်ခဲ့ကြောင်းသိရသည်။

''ပုဂံဘုရားပုံစံငယ်တွေကိုပြုလုပ်ရန် ယွန်းပညာရပ်အပြင် တခြား ပညာရပ်များဖြစ်သည့် ပန်း ၁၀ မျိုးကိုလည်းလေ့လာရပါတယ်။  ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းရန်၊ ပန်းတဉ်းနဲ့ ပန်းယွန်းစတဲ့ ခြောက်မျိုးကို ထည့်သွင်းလုပ်ကိုင်ရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ တစ်ဆူချင်း စီကို မြေပြင်အထိသွားရောက်ပြီး ပန်းချီရေးဆွဲပုံဖော်ရပါတယ်။ အဲဒီလို ပန်းချီဆွဲပြီးမှ ဝါးနဲ့နှီးကိုအသုံးပြုပြီး တည်ဆောက်တဲ့အခါမှာလည်း တစ်လက်မတစ်ပေအစရှိသဖြင့်     ကွာဟလို့မရပါဘူး။     ဝါးနှီးနဲ့လုပ် တာက တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း အုတ်များပန်းရန်စီသလိုစီရတာပါ၊ သိမ်မွေ့ပါတယ်။ ကနုတ်ပန်းခက်လက်ရာတွေကအစ             တစ်ထေရာ တည်းတူအောင် ဖန်တီးရတာဖြစ်ပါတယ်။ ရိုးရာယွန်းပညာပေါ်မှာ ချဲ့ထွင်ဖန်တီးထားတဲ့အတွက်  မော်ဒန်ယွန်းပညာလို့လည်းပြောလို့ရပါတယ်။ ဘုရားတစ်ဆူလုပ်မယ်ဆိုရင် အချိန် အားဖြင့် ဓမ္မရံကြီးနဲ့ သဗ္ဗညု၊ အာနန္ဒာဘုရားပုထိုးတွေဆိုရင် သုံးလလောက်ကြာမြင့်ပါ တယ်"  ဟု ယွန်းအတတ်ပညာရှင် ဦးသိန်းနိုင်က ပြောသည်။

လက်ရှိတွင် ပုဂံဘုရားပုံစံငယ်များကို ဩစတြေးလျ၊ ဂျပန်နိုင်ငံ များ၌နေထိုင်သော မြန်မာများကလည်း မှာယူနေခြင်းများရှိသလို ပြည်တွင်းကလည်း မှာယူနေကြသော်လည်း အော်ဒါမှာယူသူက သိပ် မများသေးကြောင်း၊ မှာယူသည့်အမျိုးအစားပုံစံပေါ်မူတည်ကာတန်ဖိုးပေါက်ဈေးအရ ငွေကျပ် သိန်း ၂၀ အထက်တွင်ရှိကြောင်း သိရသည်။ 

ဆက်လက်ပြီး မြန်မာ့ရိုးရာယွန်းပညာတွင် အနက်ထည်ယွန်း၊ ကညစ်ယွန်း ၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ သားရိုး ပန်းကြွရွှေဇဝါယွန်း၊ မံယွန်းဟူ၍ အမျိုးမျိုးရှိသည့်အနက် ၎င်းအနေဖြင့် မံယွန်းပညာရပ်ကို အသုံးပြုပြီး လက်မှုထုတ်ကုန်ပစ္စည်း များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မံယွန်းထုတ်ကုန်များကို ပုံစံခွက်(မို)၊ သစ်စေး၊ လွှစာမှုန့်နဲ့ အဝတ်စတို့ဖြင့် ပြုလုပ်ရပြီး ဆင်ရုပ်၊ မြင်းရုပ်၊ ပုဂံမင်းသမီး၊ သိန်းငှက် အစရှိသည့် ရုပ်တုများစွာကိုလည်း ပြုလုပ်ဖန်တီးနေရသလို နေအိမ်၊ ဟိုတယ်၊ ရုံးခန်းများအတွက် မှာယူခြင်းများရှိနေသောကြောင့်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက် ရရှိနေကြောင်း သိရသည်။

ထို့ပြင် မံယွန်းပညာရပ်ဖြင့် ဉာဏ်တော် ၁၂ ပေခန့်ရှိ ရွှေတိဂုံစေတီတော် ပုံစံတူကိုလည်းပြုလုပ်ထားပြီး ဝါးနှီးနှင့်လုပ် သည့် ရွှေတိဂုံစေတီတော် ပုံစံငယ်နည်းတူ ခိုင်ခံ့မှု၊ သပ္ပာယ်မှုတူညီ ကြောင်း၊ မံယွန်းပညာကလည်း ရှေးဟောင်းနည်းပညာရပ် ဖြစ်ပြီး အဆင့်အတန်းမနိမ့်ကြောင်း၊ ဝါးနှီးဘုရားကို မြန်မာ့လက်မှု  ဝါးနှီး လေးများဖြင့် အသေးစိတ်ဖြတ်တောက်ပြီး အုတ်စီသလို တစ်ဆင့်ချင်း အချိန်ကြာမြင့်စွာ ပြုလုပ်ထားသောကြောင့် မြန်မာမှုအနုပညာလက်ရာ ပိုမြောက်ကြောင်း သိရသည်။  








အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ