နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်

တန်ခူးအချိန်ကာလသည် နွေဦးကာလဖြစ်သော်လည်း ယခု နွေဦးသည်ထူးကဲ၍ ပူပြင်းလှသည်။ နွေရာသီကာလတွင် အပူရှိန် မြင့်မားမှုကို ကာကွယ်နေထိုင်ရန် အထူးသတိပြု ဆင်ခြင်နေထိုင် ကြရမည် ဖြစ်သည်။

ယခုကဲ့သို့ အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင်ခြည်အပူရှိန်နှင့် တွဲလျက် ခရမ်းလွန်ရောင်ခြည် လွန်ကဲ နေမှုကို သတိထားရမည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် လိုသည်ထက်ပိုများလျှင် လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပြုရခြင်း ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်သည် လူကို အကျိုးပြုစေသည့် ဗီတာမင်ဒီ ဓာတ်ပါဝင်သော်လည်း  အပူလွန်ကဲစွာ ဖြစ်ပေါ်ပါက အန္တရာယ် ဖြစ်စေသည်။ အဓိကအားဖြင့် အရေပြားကင်ဆာရောဂါကဲ့ သို့ အရေပြားလောင်ခြင်း၊ ခြောက်သွေ့အိုမင်းအရွယ်ကျခြင်း၊ ချွေးထွက်လွန်၍ အားအင်ကုန်ခန်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ သားသမီးမရနိုင်ခြင်းတို့ဖြစ်စေပြီး သက်ကြီးရွယ်အိုများနှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ သတိထားရမည်ဖြစ်သည်။ ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေ့လယ်ခင်း ရေမချိုးခြင်း၊ အရက်သေစာ မသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန်တို့ကို အသုံးပြုခြင်း တို့ ဖြစ်သည်။

နွေရာသီအပူဒဏ်ကြောင့် လူအများ ချွေးထွက်လွန်ခြင်း၊ ဆားဓာတ်ရေဓာတ်လျော့နည်းခြင်း၊ ကြွက်တက်ခြင်း၊ မောပန်း လွယ်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ အရေပြား လောင်ခြင်း ရောဂါများဖြစ်ပွားတတ်သည်။

အပူဒဏ်မှ ကြိုတင်ကာကွယ်ရန်အတွက် အရိပ်ရ၍ အေးမြ သော နေရာများတွင် နေရန်၊ နေ့လယ်နေ့ခင်း အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းရန်၊ မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန်  လက်၊  လည်ပင်းနှင့် ပခုံးတို့ပါ  လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင်၊ ချည်ထည်များကို ဝတ်ဆင်ရန် လိုအပ်သည်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ရန် လိုအပ်သည်။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပေါ် ပါက အရေးပေါ် ရှေးဦးပြုစုခြင်းဖြင့် လူနာကို အရိပ်ရအေးမြသော နေရာသို့ ရွှေ့ထားခြင်း၊ လေအေးပေးစက်၊ လေပန်ကာ ဖွင့်ထား ပေးပါ။ မရှိပါက ယပ်ခပ်ပေးပါ။ လူနာ၏ ခြေရင်းကိုမြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။ လူနာ၏ အဝတ်အစားများကို ချွတ်ပါ။ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေပတ်တိုက်ပါ။ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး (သို့) ဓာတ်ဆားရည်တိုက်ပါဟု သက်ဆိုင်ရာက အသိပေးထားသည်။

အပူဒဏ်ကာကွယ်ရန်အတွက် မိမိတို့၏ ကျန်းမာရေးကို မိမိ တို့ကိုယ်တိုင် စောင့်ရှောက်ရန် သတိပေးချက်များကို သတိပြု ဆင်ခြင်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ