၁
ပင်ယံထက်က၊ နွေဥဩသံတွေ လှိုင်လှိုင်ကြားရပြီ။ တူးပို့တူး ပို့သံတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာပြီ။
ငုဝါတို့က ထိန်ထိန်ကျဲကာ၊ ပိတောက်အဖူးတွေက၊ တန်ခူး သင်္ကြန် လက်ဆေးမိုးကို၊ ငံ့လင့်နေကြပြီ။
သည်အချိန်မှာ၊ နယ်ရှစ်ခွင်ရှုလေတိုင်း မြူတွေဆိုင်းကာ၊ လမ်း မောစရာအတိ။
သည်သဘာဝအလှတရားတွေက၊ ကဗျာဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ရင်ကိုလာရောက်ထိမှန်သောအခါ ....။
တပေါင်းနေ၊
ချောင်းရေကိုသောက်လို့ပူအပြီး။
တန်ခူးရေ
အဖူးတွေကို ဆွတ်ကာဖျန်း
ပန်းပွင့်စေသတည်း။
ကဗျာလှလှကလေးတစ်ပုဒ်၊ တစ်ချိန်ကရေးထုတ်ခဲ့ဖူးသည်။
ကျွန်တော်သည် ထိုကဗျာကလေး၏ ခေါင်းစဉ်ကို မမှတ်မိတော့ သော်လည်း၊ ဒီအချိန်ဒီအခါရောက်လျှင်၊ ထိုကဗျာကလေးက၊ ရင်လှုပ် ခတ်လာခြင်းနှင့်အတူ၊ လွန်ခဲ့သည့် ၁၄ နှစ်ခန့်က၊ မဟာသင်္ကြန် ကာလအလွန်၂၀၁၀ ပြည့်နှစ် မေ ၁၆ ရက်တွင် သူချစ်ခင်လှသည့် အနုပညာလောကကြီးကို ထာဝရခွဲခွာသွားသော ကိုဗလ(အကယ် ဒမီသုမောင်) ကို နင့်နင့်ဆွေးဆွေးတရေးရေး သတိရလာမြဲဖြစ် သည်။
၂
၂၀၁၀ ပြည့်နှစ်၊ ဧပြီပထမပတ်၊ ရက်တစ်ရက်။
ကိုဗလထံက ဖုန်းဝင်လာသည်။
"ဘိုစိုး၊ ဒီနှစ်သင်္ကြန်ရောက်ရန် ရန်ကုန်သင်္ကြန်စင်တွေမှာ ကျွန်တော့်ကို လိုက်တင်ပေးဗျာ။ ကျွန်တော်ရန်ကုန်သင်္ကြန်နဲ့ကင်း ကွာနေတာကြာပြီ။ သင်္ကြန်ရောက်တိုင်း၊ မြို့မနဲ့တွဲပြီး မန္တလေးမှာ ပဲရှိနေခဲ့တာ၊ ဒီနှစ်တော့ ကျွန်တော့်ကို ချစ်တဲ့ရန်ကုန်ပရိသတ်ကို ကြွေးဆပ်ရမယ်။ ဖိုးသောကြာက ဒီနှစ်သင်္ကြန်မျာ နေပြည်တော်မှာ ရှိနေလိမ့်မယ်။ ကျွန်တော်ကတော့ ရန်ကုန်မှာပဲ နွှဲမယ်"။
"ရန်ကုန်မှာဖျော်ဖြေမယ်ဆိုတာတော့ ဟုတ်ပါပြီ၊ ဖိတ်ကြားတဲ့ လူတွေက၊ အနုပညာကြေးဘယ်လောက်ချီးမြှင့်ရမယ် ဆိုတာလည်း ပြောထားပါအုံး"။
"ဟာ ... ဘိုစိုးကလည်း၊ ကြေးသတ်မှတ်ပြီးလိုက်မယ်ဆိုရင်၊ ဖိတ်တဲ့လူနည်းမှာပေါ့၊ ကျွန်တော်က စင်များများဖျော်ဖြေချင်တာ။ သူတို့က မေတ္တာနဲ့ ချီးမြှင့်ပေးသလောက် လက်ခံပါမယ်"။
ဒါတော့ မှန်၏။ သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်း သိသည်။ သူ့အနုပညာကို ငွေကြေးနှင်မဆုံးဖြတ်။ ကြေးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ၊ မေတ္တာနှင့်ပဲဖျော်ဖြေရသည်ဖြစ်စေ၊ အကောင်းဆုံးကြိုးစားတင်ဆင်တတ်သူဖြစ်သည်။ သူ့ပရိသတ်ကို သူအလွန်အလေးထားသည်။
သူသည် ပြည်သူချစ်သော စွယ်စုံရအနုပညာသမားစစ်စစ်ဖြစ်၏။ နွေသမားမဟုတ်။
ကျွန်တော်လယ်ယာစီးပွား သတင်းဂျာနယ်တွင် အယ်ဒီတာ ချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က၊ ပုဂ္ဂိုလ်ရေး သံယောဇဉ်အရ၊ ငွေကြေး (စာမူခ) ပဓနာမထားဘဲ၊ စွဲစွဲမြဲမြဲအပတ်စဉ် ရေးသားချီးမြှင့်ပေးခဲ့ ကြသည့် ပင်တိုင်ဆောင်းပါးရှင်များထဲတါင် ဆရာကြီးပါရဂူ၊ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာချစ်ဦးညို ဆရာသုမောင်တို့လေးဦးမှာ ထူးထူးခြားခြား မှတ်တမ်းတင်ထိုက်သူများပင်။
လယ်ယာစီးပွားသတင်းဂျာနယ်သည် အခြားပုဂ္ဂလိက စာနယ် ဇင်းများကဲ့သို့ စာမူခထိုက်ထိုက်တန်တန်မချီးမြှင့်နိုင်သော်လည်၊ ထို ဆရာကြီးများသည် ကျေးဇူးသိတတ်သူများ ပီပီ၊ မိမိတို့၏ အသက် သခင်ကျေးဇူးရှင်စားရေရိက္ခာထုတ်လုပ်ပေးနေသော၊ တောင်သူ လယ်သမားကြီးများနှင့် စာဖတ်ပရိသတ်ကို လေးစားသော အားဖြင့်၊ အပတ်စဉ်ရေးသားချီးမြှင့်ပေးခဲ့ကြသည်။
ထိုအထဲတွင်မှ ကိုဗလ(ဆရာသူမောင်) သည် ပို၍ ထူးခြားသည်။ စာမူရေးပြီးတိုင်း ကိုယ်တိုင်ကားမောင်း၍ ရန်ကင်းမြို့နယ်ရှိ လယ် ယာစီးပွားဂျာနယ်တိုက်သို့ သူနေအိမ် သင်္ကန်းကျွန်းမှ အပတ်စဉ် မပျက်လာ၍ ပို့သည်။
တစ်ခါတစ်ရံနေမကောင်းဖြစ်နေတောင် ဇနီးဖြစ်သူ ဆရာမ၊ မအေးဘုံကို ကားမောင်းခိုင်းကာ၊ သူက ဘေးကထိုင်လိုက်လာပြီး ကိုယ်တိုင်လာပို့သည်။
တကယ်တော့ ဂျာနယ်တိုက်က ချီးမြှင့်နိုင်သည့် စာမူခသည်။ သူ့ကားဓာတ်ဆီဖိုးတောင်မရှိ။ ထိုသို့ ကြုံတိုင်းအလွန်အားနာရ၏။
၃
၂၀၁၀ ပြည့်နှစ် ဧပြီ ၁၃ ရက် မဟာ သင်္ကြန်အကြိုနေ့ နေ့လည် ခင်း။
ကျွန်တော်တို့အဖွဲ့သည် တွံတေးမြို့နယ်က စတင်ဖိတ်ကြားထား သဖြင့် ဆရာသုမောင်၏ နေအိမ်မှ သူ၏ WRINGLER JEEP ကား ကလေးဖြင့် ရန်ကုန်နန်းသီတာဆိပ်ကမ်းသို့ လာကာ၊ ဆိပ်ကမ်းတွင် ကားထားခဲ့ပြီး၊ ရန်ကုန်တစ်ဘက်ကမ်းဒလမြို့သို့ လာကြိုသည့် မော်တော်ယာဉ်ဖြင့် တွံတေးသို့ ခရီးဆက်ခဲ့ကြသည်။
တွံတေးမြို့နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းနားသည်၊ အထူး စည်းကားလှသည်။
နိုင်ငံကျော် တေးသံရှင်၊ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်စာရေး ဆရာသုမောင်ပါဝင်မည်ဆို၍ ပိုပြီး ထူးထူးခြားခြားစည်ကားနေ သည်။
တွံတေးမြို့၏ မဟာ သင်္ကြန်မဏ္ဍပ်ဖွင့်လှစ်လိုက်ချိန်တွင် ဆရာ သုမောင်၏ "မြူမှောင်ဝေးကင်း" တေးသီချင်းသံနှင့်အတူ ရွှေတံဆိပ် ဆုများ ရှင်စန္ဒရားဇော်မင်းဦး၏ လက်သံနှင့် ခင်မြင့်ရှေ့ရှိ ယိမ်းအဖွဲ့ အသီးသီးက သမီးပျိုကလေးများ၏ နွှဲနှောင်းပြောပြောင်းသော ကကွက်များမှာ အလွန်ကြက်သရေရှိလှသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကြီးသည် ရောင်စုံပန်းချီကား ကြီးတစ်ချပ်ပမာ-တင့်တယ်လှပနေသည်။
ကျွန်တော်တို့အဖွဲ့တွင် ကျွန်တော်က အစီအစဉ်တင်ဆက်သူ၊ ဆရာသုမောင်က တေးသံရှင်၊ ဇော်မင်းဦးက စန္ဒရားအတီး။
ထိုညနေက မဟာသင်္ကြန်တေးခြောက်ပုဒ်ကို ဆရာသုမောင်က ဆက်တိုက်သီဆိုပေးပြီး၊ ယိမ်းအဖွဲ့အသီးသီးက ယိမ်းသမသမီးပျိုလေး များက၊ အကဖြင့် တွဲဖတ်ပေးသဖြင့် တွံ့တေးမဟာသင်္ကြန်အကြို မြင်ကွင်းသည် တူးပို့သံညံမစဲဘဲ သဲသဲလှုပ်မျှ စည်ကားသက်ဝင်လျက် ရှိသည်။
ထိုညက တွံတေးသင်္ကြန်ချစ်သူ ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်ကာ၊ အစီအစဉ်ရပ်နားခဲ့ရ၏။
ကြုံတောင့်ကြုံခဲ၊ တစ်သက်မှာ တစ်ခါဆုံရသည့်ပွဲမို့၊ ဧည့်ခံဖို့ အသင့်စောင့်နေကြသည့် တွံတေးကစာပေ၊ ဂီတ၊ ရုပ်ရှင်လောက သား ညီအစ်ကိုမောင်နှမများကိုလည်း အနူးအညွတ်တောင်းပန်ကာဒလ မြို့နယ်သို့ ပြန်လာခဲ့ကြရသည်။
ဒလမြို့နယ် မဟာသင်္ကြန်စင်မြင့်ကြီးရှိရာသို့ ကားဆိုက်လာချိန် တွင်၊ အသင့်စောင့်ဆိုင်နေကြသည့် သင်္ကြန်ပရိသတ်ကြီးက လက် ခုတ်ဩဘာသံများဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။
အချိန်က ည ၁၀ နာရီခွဲကျော်ပြီ။ အပြန်ကျမှအားရပါးရ ဖျော်ဖြေ ပေးမည်ဟု မှာခဲ့၍ ဒလပရိသတ်ကြီးက၊ ကွင်းလုံးလျှံအောင် စောင့် ဆိုင်းနေကြသည်။
စောစောပိုင်းက ဖျော်ဖြေတင်ဆက်နေကြသည့် လူငယ်တေး ဂီတဝိုင်းက၊ ကျွန်တော်တို့အဖွဲ့ကို အသင့်လွှဲပေးလိုက်ချိန်တွင် ဩဘာသံတွေသောသောညံသွားတော့သည်။
ဒလမှာတော့ ယိမ်းသမလေးတွေ တန်းဖြုတ်ရပ်နားသွားကြပြီ ဖြစ်၍၊ မင်းသားကြီး အကယ်ဒမီသုမောင်၏ တေးသံနှင့် အတူ လယ် ယာစီးပွားသတင်းဂျာနယ်အမှုဆောင် အယ်ဒီတာ အိမ့်မှူးခင်က၊ အကဖြင့် အားဖြည့်ပေး၍ စိုစိုပြည်ပြည်ဖြစ်ကာ။ ပိုမိုအသက်ဝင်သွား သည်။
ဒလတွင်လည်း "မြူမှောင်တောင်း" အပါအဝင် သင်္ကြန်တေး ခြောက်ပုဒ်ကို မင်းသားကြီးက၊ ဆက်တိုက်သီဆိုတင်ဆက်ပေးပြန် သည်။
သီချင်းတစ်ပုဒ်ဆုံးတိုင်း၊ လက်ခုတ်သံတို့က ညံမစဲ။ မင်းသားကြီး ကလည်း မောပန်းရမှန်းပင်မသိ။
သို့သော် နောက်ဆုံးနှုတ်ဆက်တေးအပြီးတွင် "ဂုဏ်ကြီးရှင်" တစ်ပုဒ်တော့ ဆိုပေးသွားပါအုံးခင်ဗျာ ဟု ပရိသတ်ထဲက အော်၍ တောင်းဆိုသံတစ်ခုထွက်ပေါ်လာရုံသာမက "ဟုတ်ပါတယ်-ဟုတ်ပါ တယ်- "ဂုဏ်ကြီးရှင်" တစ်ပုဒ်တော့ ချီးမြှင့်ပေးပါအုံး"ဟု ဝိုင်း၍ အော်သံတွေ ထွက်ပေါ်လာသည်။
ဒီအခါတွင် ကျွန်တော်က "မင်းသားကြီး အဆင်ပြေပေါ့မလား" ဟု သူ့ကိုမေးလိုက်သောအခါ "ဘိုစိုး၊ ကျွန်တော်နှစ်ပွဲဆက်ဆိုတော့၊ ပင်ပန်းတော့နေပြီဗျာ" ဟု သူကလေးသံတိုးတိုးဖြင့် လှမ်းပြောသည်။
သို့သော် ပရိသတ်က၊ အတင်းတောင်းဆိုနေသဖြင့်-
"ဒီလိုဆိုရင်၊ ကျွန်တော် "ဂုဏ်ကြီးရှင်" အစား၊ ကိုမြကြီးရဲ့ "မိုး" သီးချင်းဆိုပေးပါ့မယ်လို့ ပြောလိုက်ပါဗျာ။ အဲဒါပြီးရင်တော့ နားခွင့် ပြုပါလို့။"
"ဒလက သင်္ကြန်ချစ်ပရိသတ်ကြီးခင်ဗျာ၊ ဒီညနေမှာ နှစ်ပွဲဆက် ရတဲ့ အတွက် ကျွန်တော်တို့ရဲ့ အကယ်ဒမီ မင်းသားကြီး ပင်ပန်း နေပါပြီ။ ဒါပေမယ့် ပရိသတ်ကြီးကို လေးစားချစ်ခင်တဲ့အနေနဲ့ "ဂုဏ်ကြီးရှင်" အစား ရွှေတံဆိပ်များရှင် လူငယ်စန္ဒရားဆရာကိုဇော် မင်းဦးနဲ့လည်း ကြုံနေတုန်း ဂန္တဝင်တေးသံရှင်ကြီးကိုမြကြီးရဲ့ "မိုး" သီချင်းနဲ့ နောက်ဆုံးတင်ဆက်ပေးပါ့မယ်ခင်ဗျာ" ဟု ကျွန်တော်က ကြေညာပေးလိုက်ရာ၊ လက်ခုတ်သံတွေ ညံသွားသည်။
သို့သော - မင်းသားကြီးသည်၊ ပင်ပန်းနေပြီဖြစ်သဖြင့်၊ ကုလား ထိုင်ကလေးဖြင့် ထိုင်၍ ဆိုခွင့်ပြုရန် တောင်းပန်ကာ "ရွှေလက်သံ ရှင် စန္ဒရားဇော်မင်းဦး" ၏ အလူးအလှိမ့်အတို့အထိ၊ အနွဲ့အလှ တီးခတ်သံများနှင့်အတူ တေးသံရှင် အကယ်ဒမီမင်းသားကြီးသည်။ မဟာသင်္ကြန်အကြိုညကို ဂန္တဝင် ညတစ်ညအဖြစ် အမှတ်တရထား ရစ်ခဲ့သည်မှာ ယနေ့တိုင်ပြန်တွေးမိတိုင်း လွမ်းစရာ ကောင်းသေး တော့။
ဒါတင်မက၊ ထိုညက ရန်ကုန်ဘက်ကမ်းသို့ ပြန်ရောက်တော့ ညသန်းခေါင်နီးပြီ။
အပြန်ခရီးတွင် ကူးတို့သင်္ဘောမရှိတော့၍ ပဲ့ထောင်လှေကလေး နှင့် ပြန်ခဲ့ကြရသည်။
ဒလမှာ ဧည့်ခံချိန်မရတော့၍ ပါဆယ်ပေးလိုက်သောခေါက်ဆွဲ ထုတ်ကလေးဖြည်စားရင်း မြစ်လယ်သို့ရောက်ချိန်တွင်၊ မင်းသားကြီး က၊ ပါးစပ်ကို ဟကာ ဓာတ်မီးဖြင့်ထိုးပြပြီး"ဘိုစိုးရေ- ကျွန်တော့် ပါးစပ်ထဲမှာ စိုက်ထားတဲ့သွားကလေး၊ ခေါက်ဆွဲစာရင်း ဘယ်အချိန် ပြုတ်ပါသွားတယ် မသိဘူး။ ဒါထက် ဒီညနေနှစ်ပွဲက ဆုချလိုက်တဲ့ အနုပညာကြေးလေးဟာ သွားတစ်ချောင်းဖိုးမှရပါမလားမသိဘူး"တဲ့။
သူ့စကားကြားလိုက်တော့မှ၊ ကျွန်တော်တို့တတွေ ရယ်အား ထက်ငိုအားသန်ရမလို ဖြစ်သွားတော့သည်။
၄
နောက်နေ့မနက်၊ သင်္ကြန်အကျရက်တွင် ကျွန်တော်နှင့်ကိုဇော် မင်းဦးတို့ သူ့အိမ်သွားကာ၊ ကျွန်တော်တို့ကားကို သူ့အိမ်တွင်ထားခဲ့ ပြီး၊ သူ့ကားနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မဏ္ဍာပ် (သင်္ကန်းကျွန်းမြို့ နယ်)၊ ထို့နောက် ကြည့်မြင်တိုင်သီရိမင်္ဂလာဈေးကြီးရှိ၊ ရန်ကုန် အနောက်ပိုင်းခရိုင် မဏ္ဍာပ်တို့တွင် သွားရောက်ဖျော်ဖြေကြသည်။
အလားတူပင်၊ ဆင်မလိုက်သင်္ဘောကျင်းရှေ့ရှိ ရွှေမာလာရိပ်မွန် မဏ္ဍာပ်၊ ထိုမှတစ်ဆင့် လှိုင်သာယာမြို့မဏ္ဍာပ်နှင့် စက်မှုဇုန်ကြီးများ ၏ မဏ္ဍာပ်များ၊ ရခိုင်ရိုးရာရေကစားမဏ္ဍာပ်စသည်ဖြင့် နေရာအနှံ့ သွားခဲ့ကြသည်။
ရောက်လေရာတွင် သူ့ပရိသတ်က တခဲနက်အားပေးကြပြီး၊ ဆုငွေတွေလည်း အများအပြား ချီးမြှင့်ကြသည်။
သင်္ကြန်မဏ္ဍာပ်များတွင် ဖျော်ဖြေရေးပြီး၍ အိမ်သို့ ပြန်ရောက် တိုင်း၊ စောင့်မျှော်နေကြသည့် ချစ်ဇနီးဆရာမအေးဘုံနှင့် သား၊ သမီးများကို အမြဲပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ
"အေးဘုံရေ မောင့်ပရိသတ်တွေအများကြီး ကျန်သေးတယ်တဲ့"
ထိုနှစ်မဟာသင်္ကြန်ရက်များအတွင်း သူနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ရန်ကုန်ကသူ့ပရိသတ်ကို၊ ကြွေးဆပ်သည့်အနေ ဖြင့်၊ အားပါးတရနောက်ဆုံး နှုတ်ဆက်ဖျော်ဖြေသွားခဲ့ပါသည်။
စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်၌ တစ်ခေတ်တွင် တစ်ယောက် ထွန်းပေါက်ခဲ့သည့် စွယ်စုံရ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ သုမောင် (ခ) ကိုဗလသည်။ သင်္ကြန်အပြီး တစ်လခန့်အကြာ။ ၂၀၁၀ ပြည့်နှစ် မေ ၁၆ ရက်တွင် ရန်ကုန်မြို့သုခကမ္ဘာဆေးရုံ၌ သူချစ်သော မိသားစု နှင့် သူ့အနုပညာပရိသတ်ကြီးကို ထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ ပါပြီ။
ကွယ်လွန်ချိန်၌ အသက် ၅၉ နှစ်အရွယ်သာရှိပါသေးသည်။
သို့သော် သူ့အနုပညာများကို နိုင်ငံတော်က တန်ဖိုးထား ဂုဏ်ပြု သည့်အနေဖြင့် မကြာမီက အလင်္ကာကျော်စွာ ဘွဲ့ကို၊ ကျန်ရစ်သူ မိသားစုထံ၊ အိမ်တိုင်ယာရောက် သွားရောက်ချီးမြှင့်ပေးခဲ့ပါသည်။
မြတ်စိုး (လှိုင်)