နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နံနက်စာကို ရှင်ဘုရင်ကြီးလိုစားပါ

တစ်ညတာလုံး အိပ်စက်ခဲ့သဖြင့် အစာအိမ်(ဝမ်းဗိုက်)ထဲမှာ ဟာလာ ဟင်းလင်းဖြစ်နေပါပြီ။ ထိုအခါ ခန္ဓာကိုယ်ကြီး၏ ဇီဝဖြစ်စဉ်အတွက် အချိန်မီ အစာအာဟာရဖြည့်တင်းပေးဖို့ လိုအပ်နေပါပြီ။ ထို့ကြောင့် “ နံနက်စာကို ရှင်ဘုရင်ကြီးလိုစားပါ ” ဟု ဆိုထားရခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် နံနက်စာထဲတွင် ဗီတာမင်နှင့်သတ္တုဓာတ်များ အစုံပါအောင် စားပေးရမည်။ ပဲပြုတ်ဆီဆမ်း၊ ပဲပြုတ်ထမင်းကြော်၊ ပဲပြုတ် နံပြား၊ ထမင်းနှင့်ဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်း ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ဆန်စီး၊ မြီးရှည်၊ တို့ဟူးနွေး၊အညိုရောင် ကွေကာအုပ်(အကြမ်း)၊ ကြက်ဥ၊ သင်္ဘောသီးမှည့်၊သံပရာရည်စသည် တို့သည် ကျန်းမာရေးအတွက် အကောင်းမွန်ဆုံး နံနက်စာများဖြစ် ကြသည်။ နံနက် (၇) နာရီမှ (၉)နာရီအတွင်း အစာအိမ်မှအလုပ်လုပ်ချိန်ဖြစ် သောကြောင့် ထိုအချိန်တွင် နံနက်ခင်းအစာ အပြည့် အဝစားသင့် သည်။ လုပ်ငန်းခွင်ဝင်ကြသူများတွင် ပျမ်းမျှ ၆၃ရာခိုင်နှုန်းခန့်သောသူများ က နံနက်စာကိုအာရုံမထားနိုင်ကြဘဲ၊ညစာကိုသာ အချိန်ပေးစားသောက် နေကြသော အလေ့အထများရှိနေကြသည်။ ဖြစ်သင့်သည်မှာ နံနက် စောစောထ၍မစီစဉ်နိုင်ခဲ့ပါက ညဘက်ကတည်းက အဆင်ပြေသလို စီစဉ်ထားသင့်သည်။အဓိကအနေဖြင့် မိမိ၏နံနက်စာထဲမှာ ဗီတာမင် ဓာတ်တွေအပြည့်အဝ ပါဝင်နေဖို့လိုပါသည်။ နံနက်စာ နှင့် ညစာ နှိုင်းယှဉ်ချက်။ • ညစာများများစားသူနှင့်နှိုင်းယှဉ်ပါက နံနက်စာများစွာစားသူ သည် ကယ်လိုရီနှစ်ဆ ပိုမိုလောင်ကျွမ်းကြောင်း လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြထားသည်။ နံနက်စာများစွာစားသူသည် အထူးသဖြင့် အချိုဓာတ်စားသုံးမှုပိုနည်းပြီး သွေးထဲတွင် ကျန်းမာရေးနှင့်ညီညွတ်သော သကြားဓာတ်ရှိကာ တစ်နေ့တာလုံး အင်ဆူလင်ပမာဏညီညွတ်မှုရှိသည်။ နံနက်စာများစွာစားခြင်းက တစ်နေ့တာလုံးအားပြည့်စေကာ လှုပ်လှုပ် ရှားရှားဖြစ်စေသဖြင့် အင်ဆူလင်နှင့် သကြားဓာတ်ပမာဏ ထိန်းညှိ ရန်အထောက်အကူပြုနိုင်သည်။ ထိုအခါ ကုသရန်ခက်ခဲသောနာတာ ရှည်ဆီးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ရာရောက်သည်။ • နံနက်စာ အနည်းငယ်သာစားသူများသည် ညစာပိုစားလေ့ရှိ သည်။ ထိုအခါ သွေးထဲရှိသကြားဓာတ်အပေါ် အနုတ် သဘောသက် ရောက် နိုင်ပြီး ဆီးချိုရောဂါသည်များအနေဖြင့် ညစာများစွာ မစားသင့်ကြောင်း သုတေသီများက အကြံပြုထားသည်။ ကိုယ်အလေးချိန်လျှော့ချလိုသူ များသည် နည်းစနစ်မှန်မှန် မစားသုံးတတ်ဘဲ နံနက်စာလျှော့စားလေ့ရှိ ပြီး နေ့လယ်နှင့် ညနေပိုင်းတွင် အစာပိုစားလေ့ရှိသဖြင့် ကိုယ်အလေးချိန် လျှော့ချရေးကြိုးပမ်းမှုအတွက် ကမောက်ကမဖြစ်စေသည်။ လူတို့၏ ဇီဝဖြစ်စဉ်သည် ညဘက်အိပ်စက်ချိန်တွင် နှေးကွေးသဖြင့် ညစာပိုစားပါက ခန္ဓာကိုယ်ကိုအလုပ်ပိုလာစေမည်ဖြစ်သည်။ နံနက်စာ မစားခြင်း၏ ဘေးထွက်ဆိုးကျိုးများ။ သင့်နံနက်စာကို အချိန်မှန်မစားဘဲ လစ်လျူရှုမိခြင်းကြောင့် အောက် ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများစွာကို မလွဲမသွေ ကြုံတွေ့ရနိုင်ပါသည်- • နံနက်စာမစားပါက နေ့လယ်စာနှင့်ညစာတွေကို ပို၍စားမိ တတ်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေစုဝေးလာသည့် အတွက် နံနက်စာမစားသူတွေမှာ အဝလွန်ခြင်းပြဿနာ ဖြစ်နိုင်ခြေအလားအလာ လေးဆမျှပိုလာနိုင်သည်။ • တက္ကဆက်ပြည်နယ်၊ ကလေးဆေးရုံကြီးမှ အစာအာဟာ ရဆေးဝါးဘက်ဆိုင်ရာ ကျွမ်းကျင်စီနီယာတစ်ဦးဖြစ်သူ Kristi King ၏ ပြောပြချက်အရ၊ နံနက်စာမစားသူတွေမှာ အင်ဆူလင်ခံနိုင်ရည်အား နှင့် ဟော်မုန်းတို့မျှခြေမဖြစ်နိုင်ကြတော့ဘဲ ဆီးချိုအမှတ်-၂ ရောဂါ၊ အဝလွန်ရောဂါတွေအပြင်၊ နှလုံးထိခိုက်၍ လေဖြတ်နိုင်ခြေအလားအလာ မြင့်မားလာကြောင်း သိရသည်။ • အမျှင်ဓာတ် နှင့် ဗီတာမင်ဓာတ်များပါရှိသော နံနက်စာ ကို စားသောက်ထားသော သူတစ်ယောက်အတွက် တစ်နေ့ တာလုံး ခွန်အား ပြည့်ဝနေမှာဖြစ်သည်။ နံနက်စာစားသုံးခြင်းကို လစ်လျူရှုထားခြင်းက နေ့ရက်တွေကြာလာသည်နှင့်အမျှ ကျန်းမာရေးအတွက် ဆိုးကျိုး တွေဖြစ်စေသည်။ ထို့ကြောင့် ဗိုက်မဆာဘူးဆိုရင်တောင် ကြက်ဥပြုတ် တစ်လုံးနှင့် အမျှင်ဓာတ်ပါသော အစားအစာတစ်ခုခုကို မဖြစ်မနေ စားပေးသင့်သည်။ • ညအိပ်ပျော်ချိန်မှစ၍ နံနက်နိုးထချိန်အတွင်း တစ်ညတာ လုံးအိပ်စက်ခဲ့ရသဖြင့် ဦးနှောက်ကို ခွန်အားဖြစ်စေဖို့အတွက် အာဟာရ ဓာတ်များ လိုအပ်နေပါပြီ။ နံနက်စာထဲတွင်ပါရှိသော အဆီဓာတ်က ဦးနှောက်အတွက်လောင်စာဖြစ်ပြီး၊ ဦးနှောက်ကို ထက်မြက်စေသည်။ ထိုအချိန်မှာ နံနက်စာကိုလစ်လျူရှုထားမိခြင်းက ဦးနှောက်စွမ်းရည်ကို ထိခိုက်စေသည်။ • နံနက်စာမစားခြင်းက သွေးထဲရှိသကြားပမာဏကိုယုတ် လျော့သွားသဖြင့် ခေါင်းကိုက်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မရှည်ခြင်း၊ အော်ဂလီဆန်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း၊ အာရုံစူးစိုက်မှုလျော့ နည်းခြင်းတွေကို ဖြစ်ပေါ်ခံစားရစေနိုင်သည်။ • တစ်ညတာလုံး အိပ်စက်အနားယူထားပြီးနောက် ဝမ်းမီး ကောင်းနေသည့်အချိန်မှာ နံနက်စာစားခြင်းက အစာထဲမှာပါရှိသော ကယ်လိုရီတွေကို သဘာဝအလျောက် ကောင်းစွာလောင်မြိုက် သွားစေသည်။ နံနက်စာကို လစ်လျူရှုထားပြီး နေ့လယ်စာကိုသာ အား ပြုစားခြင်းက ကယ်လိုရီလောင်မြိုက်မှုဖြစ်စဉ်ကို ယုတ်လျော့သွားသဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်သော အဆီပိုတွေ စုဝေးလာနိုင်သည်။ • လေ့လာမှုမှတ်တမ်းများအရ အာပုပ်နံ့(ခံတွင်းနံ့ဆိုး)ထွက် ခြင်း က နံနက်စာမစားခြင်းနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသော်လည်း၊ ခံတွင်းရနံ့ဆိုးထွက်သူအများစုသည် နံနက်စာကိုလစ်လျူရှု တတ်ကြသူ များဖြစ်ကြောင်း တွေ့ရှိရ သည်။ • တစ်ညတာလုံး ဟာလာဟင်းလင်းဖြစ်နေသည့်အစာအိမ် နှင့်ခန္ဓာကိုယ်ထဲကို နံနက်ရောက်သည့်အခါမှာလည်း အစာမစားဘဲ အာဟာရဖြတ်တောက်ထားခြင်းကြောင့်၊ ကိုယ်ခံစွမ်းအားလျော့နည်း သွားကာ ခန္ဓာကိုယ်ထဲရှိဆဲလ်တွေကို ထိခိုက်စေပြီး အိုမင်းရင့်ရော်မှု ကို ဖြစ်လာစေသည်။ • အစာချေစံနစ် လုပ်ငန်းဆောင်တာများအတွက် အစာအိမ် ထဲမှာ သဘာဝအလျောက် အစာချေရည်အက်ဆစ်ရှိနေသည်။ ဗိုက်ထဲ မှာ အချိန်တော်တော်ကြာအစာဖြတ်တောက်ပြီး နံနက်စာကိုလစ်လျူရှုထားခြင်းကြောင့် ၎င်းအစာချေရည်အက်ဆစ်များက အစာအိမ်နံရံ၊ အစာရေမြိုပြွန်နှင့် နှလုံးတို့ကို ကြီးစွာသော ထိခိုက်မှုကိုဖြစ်စေသည်။ • နံနက်စာကိုလစ်လျူရှုပါက ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်း တစ်မျိုးထွက်ရှိလာပြီး၊ ၄င်းပစ္စည်းက ကြွက်သားစိုင်များကို လျော့ရဲ သွားစေသည်။ • အချိန်မှန်မှန် အစာမစားခြင်းနှင့် နံနက်စာကို လစ်လျူရှုခြင်း တို့က အသည်းနှင့်သည်းခြေရည်တို့အတွက် ကြီးစွာသော ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ • နံနက်စာကို လစ်လျူရှုလေ့ရှိသော အမျိုးသမီးများသည် ဓမ္မတာရာသီစက်ဝန်း မမှန်ကန်သည့်အပြင်၊ ဓမ္မတာလာစဉ် နာကျင် ကိုက်ခဲခြင်း ဝေဒနာကို ပိုမိုခံစားရစေတတ်ကြောင်း လေ့လာမှုမှတ်တမ်း များအရ သိရသည်။ အချုပ်အားဖြင့်ဆိုသော် ကျန်းမာကြံ့ခိုင်စေရန်နှင့် အဆီပိုတွေ လျှော့ချနိုင်ရန်အတွက် ညစာစားရန် အသင့်တော်ဆုံးအချိန်မှာညနေ ၅ နာရီဖြစ်ပြီး၊ နောက်တစ်နေ့ နံနက် ၈ နာရီမှသာ နံနက်စာ စား ပေးပါ။ ဆိုလိုသည်မှာ ယနေ့ညစာ(dinner) နှင့် နောက်တစ်နေ့ နံနက် စာ(breakfast) စားချိန်သည် ပျမ်းမျှ ၁၅ နာရီ ခြားသင့်သည်။ နံနက်စာ နှင့် ညစာ ထမင်းစားပြီးနောက် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးခြင်းက တခြားအချိန်တွင် ခပ်ကြာကြာလမ်းလျှောက်ခြင်းထက် ဆီးချို ပမာဏ လျော့ကျနှုန်း ပိုမြန်ဆန်စေနိုင်သည်။ အထူးသတိပြုရန်မှာ နှလုံးအားနည်း သူများနှင့် လေနာရောဂါရှိသူများက နံနက်အိပ်ယာထထချင်း ကော်ဖီ၊ လက်ဖက်ရည်မသောက်သင့်ပေ။ နံနက်အိပ်ယာထပြီးနောက် တစ်နာရီ ခန့် အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်ပါ ကြောင်းကိုလည်း သုတမျှဝေလိုက်ရပါသည်။






အခြားဆက်စပ်သတင်းများ