နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလ စိတ်ဓာတ်ကျခြင်း သတိမေ့ခြင်းရောဂါနှင့် ဘ၀နေနည်း

ဇွန် ၃၀


အသက်ရလာတဲ့အခါ အမျိုးသား၊ အမျိုးသမီးဘယ်သူမဆို 'မေ့တတ်" ပါတယ်။ ကျောင်းသား အရွယ်၊ အလုပ်လုပ်တဲ့ ပထမအရွယ်၊ ဒုတိယအရွယ်တွေမှာ မမေ့တတ်ပါဘူး။ ငယ်စဉ်က ဦးခေါင်းဒဏ်ရာ အပြင်း အထန်ရခြင်း၊ ခေါင်းတိုက်ကစားရတဲ့ အားကစား၊ ဥပမာ ဘောလုံးကန်ခြင်း၊ လက်ဝှေ့ထိုးခြင်းတို့မှာ ပိုပြီး မေ့တတ်တယ်။ မေ့ဆေးပေးပြီး မကြာခဏ ခွဲစိတ်ခံရရင် ဆေးပြင်းပြင်းတွေ သောက်ခဲ့ရင်၊ အရက်အသောက် များရင်၊ သတိမေ့ခြင်း စောစောဖြစ်တတ်ပါတယ်။ 

သတိမေ့ခြင်းကိုကုသဖို့ အနောက်တိုင်းဆေးပညာရှင်တွေ ကြိုးစားခဲ့ကြတာ ရာစုနှစ်တစ်ခုရှိခဲ့ပါပြီ။ သတိမေ့ခြင်း ဆိုးရွားလာရင် အတိတ်မေ့ခြင်း ၊အယ်ဇိုင်းမား (Alzheimer's disease) ဖြစ်ခြင်း၊ သူငယ်ပြန်ခြင်း (Dementia) ရောဂါတို့ရစေပါတယ်။ ယနေ့ကျန်းမာရေးသတင်း (၁၇-၈- ၂၀၁၇)သတင်းအရ အယ်ဇိုင်းမား ရောဂါနဲ့ ပတ်သက်ရင် အနံ့မရခြင်းဟာ ရောဂါစောစောသိခြင်း ဖြစ်တယ်လို့ဆိုပါတယ်။


အယ်ဇိုင်းမားရောဂါဟာ သတိမေ့ခြင်း၊ အသိလွဲခြင်းများ ဖြစ်ကာ အာရုံကြော ခံစားမှုတွေ ဆိုးဆိုးရွားရွား ခံစားကြရပါတယ်။ (၂၁)ရာစုမှာ လူ့သက်တမ်းရှည်လာတာနဲ့အမျှ အသက်ကြီးသူတွေမှာ အယ်ဇိုင်းမား အတိတ်မေ့ခြင်းရောဂါဖြစ်နှုန်း များလာတာနဲ့အတူ အယ်ဇိုင်းမား ရောဂါစောစာသိရဖို့ တိကျတဲ့ရောဂါ ရှာဖွေနည်းတွေ မရှိသေးဘူးဖြစ်နေတယ်။ ရောဂါရှာဖွေမှုမပြည့်မစုံ မသိရခြင်းဟာ ရောဂါနုစဉ်မှာ ကျော်လွှား နိုင်ပေမယ့် ရောဂါစသိသိချင်း အကျိုးရှိရှိ သက်ရောက်တဲ့ ကုသမှုတွေအတွက် နောက်ကျနေပြီးပဲ ဖြစ်တယ်။ ရောဂါရှာဖွေစဉ် ပရိုတိန်းတစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်စေဖို့ ဦးတည်နေ တယ်ဆိုပြီး အဆိုပါ ပရိုတိန်းမျိုး မဖြစ်ပေါ်စေဖို့ ဖြစ်နိုင်တဲ့နည်းတွေနဲ့ တိုက်ဖျက်နိုင်ရေးကြိုးပမ်းခဲ့ကြတာ လည်း ပါဝင်ပါတယ်။

တစ်ဆက်တည်း အယ်ဇိုင်းမားရောဂါနဲ့ နှီးနွှယ်တဲ့ ရောဂါတွေဟာ လူတစ်ဦးချင်းရဲ့ ကျန်းမာရေး မှတ်တမ်း   ရာဇဝင်နဲ့ဆိုင်ပြီး တွေ့မြင်နေကျ အပြုအမူ၊ လူတစ်ဦးချင်းစီရဲ့ ပြောင်းလဲလာမှု မှတ်ဉာဏ်နဲ့ စမ်းသပ်မှုများ၊ အဆင့်မြင့်စမ်းသပ်မှုများ၊ ဦးနှောက်စီတီစကင် (CAT Scan) ရိုက်ခြင်းတို့ကနေ သိလာနိုင်ပြီ ဖြစ်တယ်။

ကနေဒါနိုင်ငံ မွန်ထရီယယ်မက်ဂေ (Mcgil) စိတ်ကျန်းမာရေးစင်တာနဲ့ ဒေါက်ကလပ်မြို့ရှိ အယ်ဇိုင်းမား ရောဂါကြိုတင်ကာကွယ်ရေးဗဟိုမှ သုတေသီတွေက လူ့ဘဝမှာ အစောဆုံး အယ်ဇိုင်းမားရောဂါရှာဖွေခြင်းနဲ့ ပတ်သက်လို့ စောစောသိရှိနိုင်ရေး ဆောင်ရွက်နေကြတယ်။ အာရုံအနံ့ခံနိုင်စွမ်းနိမ့်ပါးမှုနဲ့ ဆက်စပ်နေတဲ့ အပေါ် ရောဂါကြိုတင်သိရှိခဲ့ကြတယ်လို့ ဆိုတယ်။


နောက်အာရုံကြောဖောက်ပြန်ရောဂါစု တစ်မျိုးမှာ ပါကင်စွန်း (Parkinson's) ရောဂါ ခြားနားချက်တွေ ရှိမှုနဲ့ 'မှားယွင်းတဲ့ ဆဲလ်လုပ်နည်း'ကို သတိပြုမိပြီးဖြစ်ကြောင်း အဆီမော်လီကျူး ကာလ်မိုက် (Carramide)က ပုံမှန်ဆဲလ်နံရံတွေမှာ ပါဝင်ပတ်သက်ပြီး ဆဲလ်လုပ်ငန်းတွေပြောင်းလဲစေတယ်ဆိုတယ်။ ယခုတွေ့ရှိမှုအရ သီးခြားရှိတဲ့ ဗီဇဂျင်း (gene) ပါကင်စွန်းရောဂါဖြစ်စေပြီး အခြားဦးနှောက်ဆိုင်ရာ အစီအစဉ်  မကျမှု သဏ္ဌာန်တူဖြစ်စေတယ်ဆိုတယ်။ အဆီမော်လီကျူးရဲ့ ပုံစံပြောင်းချိတ်ဆက်မိပြီး ပါကင်စွန်း ရောဂါ ဖြစ်စေကြောင်း ကောက်ချက်ချထားပါတယ်။ အမေရိကန်ပြည်ထောင်စု တက္ကဆက်တက္ကသိုလ် ဟူစတန်မြို့ ဘယ်လာဆေးကောလိပ် (Baylar Collage of Medicine) က ပါကင်စွန်းလက္ခဏာတူတဲ့ မှားယွင်းတဲ့ဗီဇ (Gene)ဖြစ်တဲ့ (Fruit Fly model) ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရာ သတိမေ့ခြင်းကို ပုံဖော်နိုင်ပါတယ်။ ၂၀၁၈ ဇွန် ၁၇ ရက်  ကျန်းမာရေးသတင်းမှာ ဖော်ပြထားခြင်းဖြစ်တယ်။


စိတ်ဓာတ်ကျခြင်း အချို့မှာ သူငယ်ပြန်ခြင်း(Dementia) နဲ့ ဆက်စပ်နေတယ်။ ကိုဗစ်ကာလမှာ စိတ် ပိုင်းဆိုင်ရာခံစားမှုများ ပိုမိုဖြစ်လွယ်တယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ အလုပ်ခွင်မှာရော၊ လူမှုဆက်ဆံရေး နယ်ပယ်မှာပါ အဆင်မပြေမှုတွေ အတော်များတယ်။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးတွေက ပိုများနေ တတ်ပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားကို စိတ်ဓာတ်ကျခြင်းလို့ ခေါ်ပါတယ်။ ဝမ်းနည်းသလို        တွေ့နေရပြီး အရမ်းစိတ်ဝင်စားတဲ့အရာ ပုံမှန်လုပ်နေကျအလုပ်တွေပါ စိတ်ဓာတ်ကျရင် စွန့်လွှတ်ခဲ့တယ်။

ကလေးကစပြီး အိပ်ရာထဲလဲနေတဲ့ လူမမာသက်ကြီးဘိုးဘွားတွေ အိမ်သူသက်ထားတွေ အားလုံး ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျခြင်း လက္ခဏာတွေက အမြဲလိုလိုပင်ပန်းနေမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေတယ်။ အစားစားချင်စိတ် မရှိဖြစ်မယ်။ အစာတွေ အရမ်းစားနေမိက ဝလာတယ်။ အာရုံမစိုက်နိုင် ဘူးဖြစ်နေမယ်။ အိပ်မပျော်ဖြစ်မယ် တစ်ချိန်လုံးအိပ်နေမယ်။ မျှော်လင့်ချက်မဲ့သလိုဖြစ်မယ်။ ဝမ်းနည်းနေမယ်။ အကြောင်းမဲ့ငိုနေမယ်။ တစ်ချိန်လုံး ဒေါသဖြစ်မယ်။ အပြစ်ရှိသလိုခံစားရမယ်။ ဝမ်းချုပ် မယ်။ အဆစ်တွေနာကျင်ကိုက်ခဲမယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ချင်နေမိမယ်။ ပြဿနာဖြေရှင်း နိုင်စွမ်း နည်းနေမယ်။ (Home Stay) ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တယ်။ သတ်သေချင်မယ်။


စိတ်ဓာတ်ကျတဲ့ အကြောင်းအရင်းက တစ်ခုတည်းမဟုတ်သလို လူတစ်ယောက်စီမှာ စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ မိသားစုဝင်တစ်ဦးဦး(သို့)ချစ်ခင်ရသူ တစ်ဦးဦးရဲ့ လျစ်လျူရှုခံရတာ၊ မိသားစုတွင်းမှာ ပြဿနာရှိနေတာ၊ အလုပ်လက်မဲ့ဖြစ်သွားကာ၊ စီးပွားရေးအရှုံးပေါ်ကာ ဝင်ငွေမရှိဖြစ်နေတာ၊ လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိနေတာ အလုပ်ခွင်မှာ မတရားဖိနှိပ်ခံရတာ၊ မျှတမှု မရှိတဲ့ လုပ်ငန်းခွင်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကြုံတွေ့ရတာ၊ ကလေးမွေးပြီးစမှာ တွေ့ကြုံရတဲ့ အပြောင်းအလဲတွေကြောင့် စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်။ ဒီဂရီကွာခြားမှု အနည်းအများရှိနိုင်တယ်။

အပျော့စားစိတ်ဓာတ်ကျမှုက အပြင်းအထန်စိတ်ဓာတ်ကျနေတဲ့ အနေအထားမျိုး မဟုတ်သေးဘူး။ အလုပ်တွေ ပုံမှန်အတိုင်း ဆက်လုပ်နေနိုင်တယ်။ ပုံမှန်ထက်တော့ အားစိုက်လုပ်ရလို့ ပင်ပန်းနေတာမျိုး ရှိနိုင်တယ်။


သိပ်မပြင်းထန်တဲ့ စိတ်ဓာတ်ကျမှုကတော့ သာမန်ထက် အပျော့စား စိတ်ဓာတ်ကျတာထက် ပြင်းထန်လာပြီး ပုံမှန် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ ပုံမှန်အလုပ်ကို လုပ်ဆောင်ဖို့ အခက်တွေ့တာမျိုး ရှိနိုင်ပါတယ်။

ပြင်းထန်တဲ့စိတ်ဓာတ်ကျမှုက မိသားစုကို စောင့်ရှောက်ဖို့၊ အလုပ်တွေ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တော့သလို၊ ကိုယ့်ကိုယ်ကိုယ်တောင် ကောင်းကောင်း ဂရုမစိုက်နိုင်တော့ပါဘူး။ ယုံကြည်မှုလည်း တော်တော်အားနည်းသွားပါပြီ။ စိတ်ဓာတ်ကျခြင်း အမျိုးအစားတွေရှိပါတယ်။ အမြဲစိတ်ဓာတ်ကျမှု မူမမှန် ရောဂါ၊ ကလေးမွေးပြီးစ စိတ်ဓာတ်ကျရောဂါ၊ ရာသီပြောင်းချိန်စိတ်ဓာတ်ကျရောဂါတို့ဖြစ်တယ်။


အမြဲစိတ်ဓာတ်ကျရောဂါ (Persistent depression disoder) အရမ်းမပြင်းထန်ပေမယ့် ကာလရှည်ကြာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုဖြစ်တယ်။ နှစ်နဲ့ချီပြီး ခံစားရတယ်။ အချို့ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်။

ကလေးမွေးပြီးခါစ စိတ်ဓာတ်ကျရောဂါဟာ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးချိန်မှာ တွေ့ရတယ်။  အရမ်းဝမ်းနည်းတယ်။ စိုးရိမ်စိတ်များတယ်။ စိတ်ရှုပ်ထွေးတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်ကျ ရောဂါ (Psychotic depression) ပြင်းထန်တဲ့ စိတ်ဓာတ်ကျမှု အခြေအနေတစ်ရပ်ဖြစ်တယ်။ ယုံမှားလွန်တာ မျိုး၊ သံသယစိတ်လွန်ကဲတဲ့ အခြေအနေခံစားရပါတယ်။


ရာသီအလိုက်စိတ်ဓာတ်ကျမှု (seasonal disorder-SAD) မှာ နေရောင်ရရှိမှုနည်းတဲ့ ဆောင်းတွင်း ကာလမျိုးမှာ ခံစားရနိုင်တယ်။ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျမှုပါ။ လူမှုဆက်ဆံရေး ပြဿနာရှိတာ တစ်ချိန်လုံး အိပ်နေမိတာ၊ ကိုယ်အလေးချိန်တက်လာတာတွေဟာ ရာသီဥတုကြောင့် စိတ်ဓာတ်ကျ လက္ခဏာ တွေပဲ။

စိတ်ဓာတ်ကျတာကို သက်သာအောင်လူယုံ(သို့)ခင်မင်ရင်းစွဲရှိသူတစ်ယောက်အပေါ်မှာ ဖွင့်ပြော တိုင်ပင်သင့်တယ်။ နှစ်သိမ့်ဆွေးနွေးမှုခံယူသင့်တယ်။ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေထံ သွားရောက် လည်ပတ်ပြီး စိတ်ကိုပြောင်းလဲစေသင့်တယ်။ 


လိုအပ်တဲ့ ဆေးကုသမှု ခံယူသင့်တယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစားဖြစ်တဲ့ အပြေး၊ လမ်း လျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်သင့်တယ်။ ခရီးထွက်သင့်တယ်။ အိပ်မပျော်ရင် ဆရာဝန်ညွှန်တဲ့ အိပ်ဆေး (valium 5mg) သောက်ပြီး အိပ်ရမယ်။

နောက်ထပ်သုတေသနအရ လူ့သက်တမ်း အသက် (၄၀-၅၀)နှစ်များအတွင်း ဦးနှောက်ရောင်ရမ်း ကျုံ့ဝင်သွားမှုနဲ့ သက်ကြီးပိုင်း 'သူငယ်ပြန်ခြင်း' တို့ ဆက်စပ်နေတယ်ဆိုတယ်။ ၂၀၁၇ နိုဝင်ဘာ ၄ ရက် ကျန်းမာရေးမှာ ဖော်ပြထားပါတယ်။

ယနေ့သက်ကြီးပိုင်းတွေမှာ အသက်ကြီးလာတာနဲ့အမျှ 'သူငယ်ပြန်'မှု မြင့်တက်နေရာ ၂၀၁၆ ခုနှစ်မှာ သူငယ်ပြန်ခြင်းရဲ့ အစ အယ်ဇိုင်းမားရောဂါရှိသူ (၂၆ ဒသမ ၆) သန်း ကမ္ဘာတစ်ဝန်း ရှိနေတယ်။ ခရစ်သက္ကရာဇ် ၂၀၅၀မှာ ဒီထက်များလာနိုင်တယ်။ အဆိုပါ အချိုးအတိုင်းသာဆိုရင် လူ ၈၅ ယောက်မှာ ၁ ယောက် သူငယ်ပြန်ခြင်း (Dementia) ဖြစ်နိုင်ပါတယ်။ တိုက်ရိုက်ကုသဆေး မရှိသေးပါ။ လက္ခဏာ သက်သာ စေတဲ့ ဆေးဝါးတွေရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူငယ်ပြန်ဖို့ပိုပြီး နီးစပ်လာ တယ်။


အခြားဖြစ်နိုင်ခြေတစ်ခုမှာ အပိုလီပိုပရိုတိန်း(Apolipoprotein E-Apoe E4) မျိုးဗီဇ အယ်ဇိုင်းမား ရောဂါရှင်တွေမှာ မြင့်တက်လာပြီး ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ဆီးချို ရောဂါတို့က သူငယ်ပြန်ခြင်း (Dementia)ရောဂါဆိုးစေပါတယ်။ လူလတ်ပိုင်း ဦးနှောက်ရောင်ရမ်းကျုံ့ဝင်ခြင်း က သူငယ်ပြန်ခြင်း (Dementia)ဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ သိပ္ပံပညာရှင်တို့က ဦးနှောက်ရောင်ရမ်း ကျုံ့ဝင်ရောဂါနဲ့ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ကင်ဆာရောဂါ၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါတို့က ဆက်စပ်နေတယ်လို့ (၄-၁၁-၂၀၁၇) ကျန်းမာရေး သတင်းအရသိရပါတယ်။  အယ်ဇိုင်းမား၊ ပါကင်စွန်း ရောဂါတို့ဟာ သူငယ်ပြန်ခြင်း (Dementia)ရဲ့ လက္ခဏာပဲဖြစ်တယ်။

ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ ကိုယ့်စိတ်ကို အမြဲသတိရှိအောင် တရားမှတ်ခြင်းပဲဖြစ်ပါတယ်။ တရားမှတ်တဲ့ သူဟာ ဆရာရဲ့ ညွှန်ပြသွန်သင်မှုအတိုင်း ထွက်သက်၊ ဝင်သက်၊ ဝင်လေ၊ ထွက်လေကို မလွတ်အောင် မှတ်နေ ရင် သတိအား အလွန်ကောင်းတက်ပါတယ်။ တစ်ခါစိတ်ကိုလည်း လိုက်ကြည့်ပြီး စိတ်ပူပင်နေသလား၊ ဒေါသထွက်နေသလား၊ ပျော်နေသလား၊ လိုက်မှတ်နိုင်မယ်။ ဒီလိုရှုမှတ်တာများလာရင်သတိက ခွန်အားပြည့် လာပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုစုစည်းထားတာဖြစ်လို့ တည်ငြိမ်နေတယ်။ စိတ်အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။


လက်တွေ့လုပ်ကြည့်ရင် ခရီးသွားဖို့ယူသွားမယ့် ပစ္စည်းကို စာရွက်နဲ့ အမျိုးအမည် စီတန်းရေးသင့်တယ်။ ဒါမှမဟုတ် ဈေးဝယ်စာရင်းကို ရေးမှတ်ပြီး လိုက်ဝယ်ကြည့်သင့်တယ်။ ဝယ်ယူပြီးတိုင်း ငွေနဲ့ ပြန်ပြန်စစ်တဲ့ အကျင့် လုပ်သင့်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဘဝမှာ ယနေ့ဘာပြီးအောင်လုပ်ရမယ်ဆိုတာ နံနက်အိမ်က မထွက်ခင်ကတည်းက မှတ်ထားတတ်တဲ့အကျင့်ကို နမူနာယူပြီး လိုက်လုပ်ကြည့်သင့်ပါတယ်။ ဆရာ၊ ဆရာမတို့ဆိုရင် ဒီနေ့သင်ကြားပေးရမယ့်  ကျောင်းသင်ခန်းစာအတွက် တစ်ညလုံးပြင်ဆင်သွားပါမှ တော်ကာကျပါမယ်။ ကိုယ်သင်လိုက်တဲ့စာကို ကျောင်းသား ဘယ်နှစ်ယောက် စွဲလမ်းမှတ်မိသွားအောင် လုပ်နိုင်သလဲအပေါ်မူတည်လို့ သင်ကြားနည်းစနစ်လည်း တိုးတက်လာကာ အောင်မြင်တဲ့ ဆရာ၊ ဆရာမ ဖြစ်လာစေတယ်။

အသက်ကြီးလို့ပင်စင်ပေးတဲ့အခါ အချို့လူတွေစိတ်လျှော့လိုက်ကြတယ်။ နေ့စဉ်ဖတ်နေကျနေ့စဉ် သတင်းစာတောင် မဖတ်တော့ဘဲတရားလည်း ဟုတ်တိပတ်တိမရှုမှတ်တတ်ဘဲ စိတ်ဓာတ်ကျသွားတတ် တယ်။ အာရုံကြောအားဆေးတွေလည်း စားသောက်ပေးသင့်ပါတယ်။ နီရိုဘိုင်ရွန် (Neobion)၊ ဘီဝမ်း (Vitamin B1) နီရိုဖို့ (Neuro Fort) တို့  နံနက် တစ်လုံး ည တစ်လုံး သောက်ကြည့်သင့်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင် ဆရာဝန်ညွှန်ကြားတဲ့ အိပ်ဆေး (Valium 5 mg Hs) တစ်ညတစ်လုံးသောက်ပြီး အိပ်စက်သင့် ပါတယ်။  စိတ်ဓာတ်ကျခြင်းကို စနစ်တကျကုစားသင့်ပါတယ်။                         


 (ဒေါက်တာလွင်သန့်)







အခြားဆက်စပ်သတင်းများ