မြန်မာနိုင်ငံတွင် မုတ်သုံရာသီကိုအဓိကအားထား၍ မိုးစပါးကို အများအပြားစိုက်ပျိုးကြပြီး၊ နွေစပါးကိုမူ ဆည်ရေအဆင်ပြေသည့် ဒေသများတွင်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။ စပါးပေါ်ချိန်နှင့်စပါး အထွက်နှုန်းတို့အပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိနိုင်သည်မှာ ဈေးကွက်သဘာဝဖြစ်သည်ဟု ဆိုနိုင်သော်လည်း မိမိတို့နိုင်ငံတွင် ဆန်ဈေးနှုန်းမတည်ငြိမ်မှုက အိမ်နီးချင်းဆန်တင်ပို့သည့်နိုင်ငံများ ဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီးယားတို့ထက် ကြမ်းတမ်းနေ ကြောင်း ကမ္ဘာ့ဘဏ်လေ့လာချက်တစ်ရပ်တွင် တွေ့ရှိရသည်။
ဆန်သည်မိမိတို့နိုင်ငံ၏ အဓိကအကျဆုံးစားကုန်ဖြစ်ပြီး၊ ဆန် ဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာခြင်းအပေါ် အခြေခံစားကုန် ဈေးနှုန်းမြင့်တက်နေခြင်းက အခြေခံလူတန်းစားများအပေါ်တွင် သက်ရောက်မှုရှိနေသည်။ လက်ရှိတွင် ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေခြင်းကို ထိန်းကျောင်းခြင်းနှင့်နိုင်ငံတော်က အရန်ဆန်များ လည်း စုဆောင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအများစုသည် ဝိသမလောဘသမားများ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီသည် အရေးပါသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်း ၍ ပြည်သူများအတွက်လိုအပ်သည့် ဆေးဝါးနှင့်ဆေးအထောက် အကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစားပေးခွင့်ပြုလျက်ရှိသည်။
ဗဟိုစာရင်းအင်းအဖွဲ့နှင့်စားသုံးသူရေးရာ ဦးစီးဌာနတို့က မြို့ကြီး ၂၂ မြို့တွင် ဖြစ်ပေါ်နေသည့် အဓိကကျသော စားသောက်ကုန်ပစ္စည်း ၁၄ မျိုးတို့၏ ဈေးနှုန်းစာရင်းများကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစ၍ ကောက်ယူပြီး ဈေးကွက်သတင်းသုံးသပ်ချက်များကိုလည်းကောင်း တိုင်းဒေသကြီးပြည်နယ်ကုန်ဈေးနှုန်းကော်မတီများက နှစ်ပတ်လျှင် တစ်ကြိမ် ပြည်ထောင်စုကော်မတီသို့တင်ပြလျက်ရှိသည်။
လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ဆန်နှင့်စားအုန်းဆီ၊ အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာ များနှင့်တက္ကသိုလ်သိပ္ပံကျောင်းများ ဈေးကားများဖြင့်အလှည့်ကျ ရောင်းချပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများက သက်သာသောဈေးနှုန်း ဖြင့် တိုက်ရိုက်ရောင်းချခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မသမာသောစီးပွားရှာပုံစံများဖြင့် ကောလာဟလ လွှင့်ထုတ်ကာ စီးပွားရှာမှုများကို တားဆီးပြီး ပြည်ထောင်စုကုန်ဈေး နှုန်းတည်ငြိမ်ရေးကော်မတီက သက်ဆိုင်ရာကဏ္ဍနှင့်ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ဝိသမလောဘ သမားတို့၏ ဘေးရန်မှကင်းလွတ်မည်ဟုဆိုချင်ပါကြောင်း။