ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်းအသက်ရှည် ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေး စောင့်ရှောက်မှုပင်ဖြစ်သည်။
ယနေ့စားသောက်နေသော အစားအသောက်များတွင် အန္တရာယ် ကင်းစွာ စားသောက်ရေးသည်အရေးပါသည်။ အစားအသောက် တွင် အနံ့၊ အရသာ၊ အရောင်အဆင်းထုပ်ပိုးမှုတို့မှာ လွန်စွာကောင်း မွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိသတိထားဆင်ခြင်ရန် လိုအပ် သည်။ လူမှုဘဝနယ်ပယ်၌ အရာရာတွင်ဓာတုဓာတ်သဘောနှင့် မကင်းသည့်အတွက် သတိပြုဆင်ခြင်သုံးစွဲသင့်သည်။
ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဝယ်လိုအား မကျဆင်းရေး အတွက် ဝယ်ယူသူသို့မဟုတ် စားသုံးသူ၏စိတ်ကြိုက်ထုတ်လုပ် နိုင်ရေးသည် စီးပွာရေးလုပ်ငန်းများ၏ အဓိကရည်မှန်းချက်ပင် ဖြစ်သည်။
ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းစွာ၊ အသုံးပြုနိုင်ခြင်း၊ အချက်အလက်ပြည့်စုံစွာ ရရှိခြင်း၊ ရွေးချယ်ခွင့်ရှိခြင်း၊ နစ်နာမှုကိုတိုင်ကြားခွင့်ရှိခြင်း၊ နစ်နာမှုကိုကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတရှိခြင်းစားသုံး သူများအတွက် အခြေခံအခွင့်အရေးများကို စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် သိရှိနားလည်ရမည်ဖြစ်သည်။
ယင်းကြောင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွင်းရှိ စားသုံးသူများသတိပြုမိစေရန် ကြော်ငြာအားဖြင့် စားသုံးသူများ အကြား ထိုးဖောက်ရန်ကြိုးပမ်းအားထုတ်ကြရသည်။ ကြော်ငြာပါ အချက်အလက်နှင့် လက်တွေ့တွင်ထပ်တူကျရေး၊ စားသုံးသူများ အတွက် တန်ဖိုးရှိသော၊ အသုံးဝင်သော၊ အန္တရာယ်ကင်းသော၊ စိတ်ချယုံကြည်ရသော ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုဖြစ်ရန် အရေးကြီးသည်။
ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုသည် စားသုံးသူအတွက်စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်သည့်အခြေအနေကို ဖြစ်ပေါ်စေပါက ဝယ်ယူသုံးစွဲလိုသည့်ဆန္ဒကို ဖြစ်ပေါ်စေသည်။ ခေတ်နှင့်အညီ နည်းပညာတိုးတက်ပြောင်းလဲလာရာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို နည်းပညာကိုအသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သည့်အခြေအနေရောက်ရှိနေပြီဖြစ်သည်။ နည်းပညာ သည်လူတို့၏သာမန်ဘဝများကို အဆင့်မြှင့်တင်နိုင်သည်။
ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ မျှတမှုစသည့် စံနှုန်းများအလေးထားသည့် စီးပွားရေး လုပ်ငန်းရှင် များ ပိုမိုပေါ်ထွန်းလာကာ စားသုံးသူများ၏ အခွင့်အရေး အပြည့် အဝရရှိရေးတွင် ထုတ်လုပ်သူရော၊ စားသုံးသူကိုပါ အထူးသတိပြု ဆင်ခြင်စေချင်ပါကြောင်း။