လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာမှုရပ်ဆိုင်း ခြင်း (သို့မဟုတ်) လျာ့နည်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။ လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံးအင်္ဂါ အစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏကိုမရရှိပါက အဆိုပါဦးနှောက် အစိတ်အပိုင်းနှင့် သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ ၁၀ သန်းမှာ လေဖြတ်ရောဂါခံစားရပြီး ယင်းတို့အနက် လူဦးရေ ခြောက်သန်းခွဲမှာ အသက်ဆုံးရှုံးလျက်ရှိသည်။
လူ ခြောက်ဦးလျှင် တစ်ဦးသည် ယင်း၏ဘဝသက်တမ်း တစ်လျှောက် တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ချေရှိပြီး အချိန် ခြောက်စက္ကန့်တွင် လေဖြတ်ရောဂါကြောင့် သေဆုံးရသူ တစ်ဦးရှိနေကြောင်း သိရသည်။
လေဖြတ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန်ချိန် ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များကို ရှောင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုခြင်းတို့ကို ဆောင်ရွက်သင့်သည်။ လေဖြတ်ရောဂါဖြစ်ပွား စေရန် အားပေးသည့်အမူအကျင့်များဖြစ်သည့် ဆေးလိပ်သောက် ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ်ပိုင်းများ သည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကထက် ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင်များက ထုတ်ပြန် ထားသည်။ အရွယ်ငယ်သက်လတ်ပိုင်းများတွင် လေဖြတ်ခြင်းများ သည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်ဟု ဆိုသည်။
သို့ဖြစ်ရာ လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်း များကို ပြည်သူများ သတိပြုဆင်ခြင် လိုက်နာဆောင်ရွက်စေချင် ကြောင်း။