နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်သုံးပစ္စည်းများအသုံးပြုပြီး Extraction ဇာတ်ကားထွေလာကို တုပရိုက်ကူးခဲ့သည့် နိုင်ဂျီးရီးယားကလေးငယ်များကို ဟောလိဝုဒ်သို့ ဖိတ်ကြား

ဇွန် ၂၉  ဝါရှင်တန်


ဒေါ်လာသန်းချီ အကုန်အကျခံ ရိုက်ကူးထားသည့် တေးဂီတဗီဒီယိုများ၊ ရုပ်ရှင်‌ထွေလာများကို အိမ်သုံးပစ္စည်းများ အသုံးပြုပြီး တုပရိုက်ကူးပုံဖော်ခဲ့ခြင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် နာမည် ကျော်ကြားခဲ့သည့် နိုင်ဂျီးရီးယားကလေးငယ်များမှာ ဟောလိဝုဒ်သို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ အိုင်ကိုရိုဒူမှ ကောင်လေးများ(Ikorodu Bois) ဟု အမည်ပေးထားသည့် နိုင်ဂျီးရီးယားကလေးငယ်အဖွဲ့တွင် မူရစ်(၁၅ နှစ်)၊ မာလစ်(၁၀ နှစ်)၊ ဖာဝါအိုင်နာ (၁၃ နှစ်)တို့ ပါဝင်ပြီး အသက် ၂၃ နှစ်အရွယ်ရှိသည့် ယင်းတို့၏အစ်ကို ဘာဘာတန်ဒီက ယင်းတို့၏ဗီဒီယိုကို တည်းဖြတ်ပေးခဲ့သည်။ ယင်းတို့မှာ လွယ်လင့်တကူရရှိနိုင်သည့် အိမ်သုံးပစ္စည်းများသုံးပြီး Netflix ကုမ္ပဏီ၏ Extraction ရုပ်ရှင်ဇာတ်ကား ထွေလာကို တုပရိုက်ကူးခဲ့သည်။


ယင်းတို့၏ ရုပ်ရှင်ထွေလာကို လူမှုကွန်ရက်ပေါ် တင်ပြီးချိန်တွင် Extraction ဇာတ်ကား၏ခေါင်းဆောင်မင်းသား ခရစ်ဟမ်စဝါ့သ်နှင့် Netflix ကုမ္ပဏီက သတိထားမိစေရန်အတွက် ယင်းတို့ကို Tag တွဲပေးကြရန် တောင်းဆိုခဲ့သည်။ အိုင်ကိုရိုဒူမှ ကောင်လေးများ၏ ရုပ်ရှင်ထွေလာမှာ တွစ်တာပေါ်တွင် ကြည့်ရှုသူ ၁၁ သန်းနီးပါး ရှိခဲ့သည်။ လူမှုကွန်ရက်ပေါ်တင်ပြီး နာရီပိုင်းအကြာတွင် Netflix ကုမ္ပဏီက '' သဘောကျတယ်''ဟု မှတ်ချက်ပေးခဲ့ပြီး ဟမ်စဝါ့သ်ကလည်း ပြောင်မြောက်လွန်းသည်ဟု ရေးသားခဲ့သည်။ Netflix ကုမ္ပဏီနှင့် ဟမ်စဝါ့သ်တို့ထံမှ ယခုကဲ့သို့ တုံ့ပြန်မှုရခဲ့ခြင်းမှာ ယင်းတို့၏အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ခြင်းဟု အိုင်ကိုရိုဒူမှ ကောင်လေးများအဖွဲ့က ပြောသည်။ 


Extraction ဇာတ်ကားကို ထုတ်လုပ်သည့် Russo Brothers ကလည်း Extraction 2 ဇာတ်ကားကို အထူးပွဲပြချိန်တွင် လာရောက်ကြည့်ရှုရန် အိုင်ကိုရိုဒူမှ ကောင်လေးများအဖွဲ့ကို ဖိတ်ခေါ်ထားသည်။ ယင်းတို့အဖွဲ့မှာ ယခင်ကလည်း တေးသီချင်းဗီဒီယိုများ၊ ရုပ်ရှင်ထွေလာများ ဖန်တီးခဲ့ဖူးပြီး ဝီလ်စမစ်၊ Money Heist ဇာတ်ကား၏  သရုပ်ဆောင် အယ်လ်ဗာရိုမွန်တီ၊ ရက်ပ်အဆိုတော် ရော့ဒီရစ်ချ်တို့အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်များ၏ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ယင်းတို့၏ အင်စတာဂရမ်စာမျက်နှာမှာ အားပေးသူ ၆၀၀၀၀၀ ကျော် ရှိနေသည်။                                                                                    


(KNT)






အခြားဆက်စပ်သတင်းများ