နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနာဂတ်ဘဝ အာမခံချက်

မကြာမီ ၂၀၂၃-၂၀၂၄ အခြေခံပညာ တက္ကသိုလ်ဝင်စာမေးပွဲ များ ကျင်းပတော့မည်။ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲ ဖြေဆိုရန်  ပြင်ဆင်နေကြပြီ။  အချို့က  ဘာသာရပ်အလိုက် အချိန်ဇယား‌ရေးဆွဲလျက် ကျက်မှတ်လာခဲ့ကြသည်။ အချို့က ဘာသာရပ်အလိုက် အရေးကြီးသောအခန်းကို သတ်မှတ်၍ ကျက်မှတ်လာခဲ့ကြသည်။ အချို့ကား ဘာသာရပ်အလိုက် အခန်း တိုင်းကိုမျှ၍ ကျက်မှတ်လာခဲ့ကြသည်။ 

မည်သို့ပင်ဆိုစေ စာမေးပွဲခန်းထဲရောက်လျှင် မိမိကျက်မှတ်ခဲ့ သော ကျောင်းစာများ ပြန်လည်အမှတ်ရ‌  ရေးချနိုင်ဖို့ပင် ဖြစ်သည်။ သင်ကြားထားသည့် သင်ခန်းစာများ ကျေကျေညက်ညက် တတ်မြောက်ကြသော ကျောင်းသား၊ ကျောင်းသူများ အောင်မြင် ခြင်း ပန်းတိုင်ကို ဂုဏ်ထူးများဖြင့် ဆွတ်ခူးနိုင်ကြသည်။

အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် တက်သစ်စ လူငယ်ဆယ်ကျော်သက်များဖြစ်၍ မှတ်ဉာဏ်အား၊ စာကျက်အား ကောင်းလှသည်။ အလားတူ စိတ်အာရုံများတတ်သော အရွယ် ဖြစ်သည်။ ယခုကာလတွင် ကျောင်းစာကျက်မှတ်ခြင်းနှင့် သတိပြု ရမည့်အချက်များမှာ ကျန်းမာရေးပင်ဖြစ်သည်။ ကျန်းမာရေး မကောင်းလျှင် ကျက်မှတ်ထားသော သင်ခန်းစာများ အလဟဿ ဖြစ်ပေမည်။ ကျန်းမာရေး၊ အာဟာရပြည့်ဝနေရန် လိုအပ်သည်။

စာမေးပွဲနီးသဖြင့် အချို့မှာ အိပ်ချိန်လျှော့ကာ ကျောင်းစာများ အပေါ် အဓိကထားတတ်ကြသည်။ အာဟာရပြည့်ဝ ကျန်းမာစေရန်  အစားအစာကို အချိန်မှန်စားခြင်း၊ အချိန်မှန်အိပ်စက်ခြင်းတို့ လိုအပ် သည်။ အချို့မှာ ခန့်မှန်းမေးခွန်းကြောင့် အာရုံများကြသည်။ စာမေးပွဲ နီးလာလျှင် မိမိကျက်မှတ်ထားသော ကျောင်းစာများပေါ်တွင် အလေးထားကာ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လှန်လေ့ကျင့်ခန်း များ ပြုလုပ်သင့်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလ အတွင်း ဆေးရုံတက်ရောက်၍ ‌ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန် ဆေးရုံစာဖြေဌာန လေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၌ ဖွင့်လှစ်ထားသည်။

တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲနီးလာလျှင် ကျောင်းစာမှအပ ပွဲလမ်းသဘင်အပျော်အပါး များ လျှော့ချ၍ ကျန်းမာရေးကို ဂရုပြုစောင့်ရှောက်ခြင်းဖြင့် အနာဂတ်ဘဝအတွက် အာမခံချက်ဖြစ်လာနိုင်သည့် အတန်းတင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်အောင် ကြိုးပမ်းအားထုတ်စေ ချင်ကြောင်း။       






အခြားဆက်စပ်သတင်းများ