နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါ သတိပြုပါ

ရန်ကုန်၊ ဇွန် ၂၈


လူတို့၏ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလာသည်နှင့်အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါ စသည့် နှလုံးရောဂါများသည် လူကို အန္တရာယ်ပြုစေနိုင်သော ရောဂါများပင်ဖြစ်၏။ ကမ္ဘာပေါ်တွင် ရုတ်တရက်နှလုံးဖောက်ပြန်မှု ရောဂါ  ကြောင့် သေဆုံးသူ ဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက် အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါကြောင့် အချိန် မတိုင်မီ သေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။


ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရောဂါကို ကြိုတင်မသိခြင်း၊ ရောဂါရှိကြောင်း သိသော်လည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်နေခြင်း၊ ကျန်းမာရေး စစ်ဆေးမှုအားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၌ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည် တို့ကြောင့် ဖြစ်သည်။

နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုသရန် ခက်ခဲလှသည်။ လူတို့အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ် နိုင်ရန်အတွက် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့် များ လျှော့၌ စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ်သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြု ကာကွယ် ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်း တစ်ခုခုပြုလုပ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သင့်သည်။


လူအချို့ စားသုံးသော အဓိက ဟင်းလျာများတွင် အငန်၊ အချိုနှင့်အဆီဓာတ်များ ပိုကဲစွာ တွေ့ရတတ် သည်။ အချို့က အဆီများခြင်း အန္တရာယ်ကို သတိမထားမိကြ။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များက အသားမှ ရသော အဆီထက် ဟင်းသီးဟင်းရွက်နှင့် ငါးမှ ရသော အဆီကို စားသုံးရန် ညွှန်းဆိုကြခြင်းဖြစ်သည်။ ယနေ့ ဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးအတွက် ငါးများ စားသုံးခြင်းကြောင့် ကိုယ်ခံအား ကောင်းမွန်စေကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်အသိပေးလျက်ရှိသည်။

သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်းမှ ကင်းဝေးစေရန် ကာကွယ်ခြင်းသည်                ကုသခြင်းထက် ထိရောက်သည်ဆိုသည့် စကားအတိုင်း အနေအထိုင်၊ အစားအသောက်တို့ကို သတိပြု စားသောက် နေထိုင်သင့်သည်။ လူတစ်ဦးချင်း၊ အိမ်ထောင်စု တစ်စုချင်းမှ ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်း အဝိုင်းတစ်ခုကို ဖန်တီးနိုင်မည်ဆိုချင်ပါကြောင်း ။                ။






အခြားဆက်စပ်သတင်းများ