မြန်မာနိုင်ငံ ၂၀၂၃ ခုနှစ် စက်တင်ဘာမှ ၂၀၂၄ ခုနှစ် မတ်လ ကာလအတွင်း အယ်နီညိုရာသီဥတုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။ ကမ္ဘာတစ်ဝန်းသစ်တောများ ပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်များပြားလာခြင်း စသည့်အကြောင်း ရင်း များကြောင့်ဖြစ်သည်။
နေရောင်ခြည်တွင်ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ ကာကွယ်ပေးနိုင်သော အိုဇုန်းဓာတ်ငွေ့အလွှာသည် စက်ရုံများမှ ထွက်လာသည့် ဓာတ်ငွေ့များက ယင်းအိုဇုန်းလွှာများကို ပျက်စီးစေ နိုင်သည်။ စက်မှုလုပ်ငန်းများမှထုတ်လွှတ်လိုက်သော ကလိုရိုဖလူအိုရို ကာဗွန်ဓာတ်ငွေ့များ CFCS သည် အိုဇုန်းလွှာကိုဖျက်ဆီးနိုင်ရုံ မျှမကာ အပူလှိုင်းစုပ်ယူမှုတွင်လည်း CFCS မော်လီကျူးတစ်ခုက ကာဗွန်ဒိုင် အောက်ဆိုဒ် မော်လီကျူးတစ်ခုထက် အဆပေါင်းတစ်သောင်းခန့် ပိုမိုစုပ်ယူနိုင်သည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ကုလသမဂ္ဂက အသိပေးထားသည်။
မြန်မာနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးက တစ်နိုင်ငံလုံးထုတ်လွှတ်မှုထက် သစ်တောကဏ္ဍကစုပ်ယူမှုက သာလွန်လျက်ရှိသည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေး၊ ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည်မှာ သစ်တောများပင်ဖြစ်သည်။ သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တော ကြိုးဝိုင်းများ ကာကွယ်တောများတိုးချဲ့သတ်မှတ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
အယ်နီညိုရာသီဥတုဖြစ်ပေါ်ပါက မြန်မာနိုင်ငံတွင်လည်း အပူချိန် မြင့်တက်မှု၊ သောက်သုံးရေနှင့်စိုက်ပျိုးရေးရှားပါးမှု ပြဿနာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်ပေါ်စေသည့် အမှိုက်နှင့်လယ်ယာမြေ မီးရှို့မှု၊ တောမီးရှို့မှုများ ရှောင်ကြဉ်ကြခြင်း ဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေးတို့တွင်ပါဝင်ကြရမည်ဖြစ်သည်။ ကမ္ဘာရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့်အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးတို့ တွင် ပါဝင်ကြရပါမည်ဖြစ်ကြောင်း။ ။