နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက္ခုအာရုံ ကောင်းစေချင်

သက်ရှိသတ္တဝါ အားလုံးအတွက် အရေးကြီးဆုံး အစိတ် အပိုင်းသည် “မျက်လုံးတစ်စုံ” ဖြစ်သည်။  ထို့ကြောင့်လည်း ရှေးလူကြီးများ က“မျက်စေ့အဆုံး၊ နားအရှုံး” ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံကြောင့် မွေးရာပါ အမြင်ကွယ်ခြင်း၊ မျက်စိအားနည်း ခြင်း၊ သူငယ်အိမ်စောင်း၍  အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း၊ ကျန်းမာရေးဗဟုသုတ နည်း၍ နေထိုင် စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ပယောဂ အမျိုးမျိုးကြောင့် စက္ခု အာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက်သာမက၊ နိုင်ငံ တော်အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ 

မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ်၊ မျက်ခမ်းစပ်ရောဂါ စသည့် မျက်စိရောဂါအမျိုးမျိုး၊ မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် လုပ်ငန်းခွင်မှ ထိခိုက်မှုအန္တရာယ်၊ အာဟာရချို့တဲ့ခြင်း၊ ဆီးချို သို့မဟုတ် သွေတိုး သို့မဟုတ် ကျောက်ကပ်စသည့် နာတာရှည် ရောဂါတို့အတွက် သုံးစွဲလျက်ရှိသော ပဋိဇီဝဆေးများ၏ ဘေး ထွက်ဆိုးကျိုးများကြောင့်လည်း အမြင်အာရုံပျက်စီးနိုင်သည်။ ထို့ပြင် မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းဆော့ခြင်း၊ ဖုန်းနှင့် ကွန်ပျူတာကြည့်ခြင်း၊ စာကြည့်ခြင်း၊ နေရာင်ခြည်အောက် ဦးထုပ်၊ ထီး၊ နေကာမျက်မှန် စသည့်အကာအကွယ်မပါဘဲ သွားလာခြင်း၊ ဆေးလိပ် အရက်သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့သို့ ဓာတုပစ္စည်းများ စားသောက်ခြင်းတို့ကလည်း အမြင်အာရုံ ချို့ယွင်းစေသော အကြောင်းများဖြစ်သည်။ 

ဖုန်း၊ ကွန်ပျူတာတို့ကြောင့် မျက်စိမထိခိုက်စေရေး

ကမ္ဘာနှင့်အဝန်း အင်တာနက် ခေတ်ရေစီးကြောင်းနှင့် အညီ ဂိမ်းကစားသူများလည်း အင်တာနက်သုံးရင်း အချိန်ကုန် ကြပြီး၊ ကလေးများက ဂိမ်းစွဲသလို သက်လတ်ပိုင်းနှင့် အချို့ သက်ကြီးပိုင်းများပါ  အင်တာနက်ရောဂါ စွဲကပ် နေကြသည်။ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင်အကြည့်များ၍ အမြင် အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ် ခြောက်သွေ့ကာ မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင် နောက်ဆက်တွဲအဖြစ် ခေါင်းမူး ခေါင်း ကိုက်၍ ဇက်ကြောတက်ခြင်းနှင့် အရိုးကျီးပေါင်းရောဂါများဖြစ်စေ သည်။ 

ကွန်ပျူတာကြောင့် မျက်စိထိခိုက်ခြင်းမှ သက်သာစေရန် အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။ ရောင်ပြန် ပါသော မျက်မှန်ကို အသုံးပြုခြင်း၊ ကွန်ပျူတာမသုံးခင် ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို အသေအချာ သန့်စင် ခြင်းပြုကြရမည်။  မျက်နှာနှင့် ကွန်ပျူတာကို နှစ်ပေခန့်ကွာဝေး နေစေပြီး၊ ကွန်ပျူတာမျက်နှာပြင်သည် မျက်လုံးနေရာထက် နိမ့်နေရမည်။  စာရိုက်မည်ဆိုပါလျှင် လိုအပ်မှာသာ ကွန်ပျူတာကို ကြည့်ပါ။ ထိုင်ခုံပေါ် တွင် ကွန်ပျူတာရှေ့တည့်တည့် ခါးမတ်မတ် ထိုင်၍ ခြေဖဝါးကို အောက်သို့ အပြားလိုက်ချထားပါ။  အခန်း အလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်ဖြစ်ပြီး၊ ပြူတင်းပေါက်နှင့် မျက်နှာချင်းဆိုင် မထိုင်သင့်ပါ။ မျက်စိအညောင်း ပြေစေရန် ကွန်ပျူတာကို ၁၅ မိနစ် ကြည့်ပြီးတိုင်း အဝေးတစ်နေ ရာသို့ တစ်မိနစ်ခန့်ကြည့်ပါ။ နာရီဝက်ကြာတိုင်း အကြိမ်နှစ်ဆယ် မျက်တောင်ခတ်ပါ။ တစ်နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တ အနားပေးပါ။ လက်ဖဝါးနှစ်ဘက်ကို ပူနွေးလာသည်အထိ ပွတ်ပေး ပြီး၊ လက်ချောင်းများကြားမှ အလင်းရောင် ဝင်မလာအောင် လက်ချောင်းများကို ပူးကပ်ထားကာ မျက်လုံးပေါ် ဖွဖွလေးတင်ပေး ပါ။

ကြိုတင်ကာကွယ်နည်း

"ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏" ဆောင်ပုဒ်နှင့်အညီ  အောက်ပါနည်းလမ်း အသွယ်သွယ်ဖြင့် ကြိုတင်ကာကွယ်ပါ။

အနည်းဆုံး ခြောက်လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိ စစ်ဆေး ခံယူသင့်ပါသည်။ 

မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင်ကဲ့သို့ အလင်းများ ဖြာထွက်လာ ခြင်း၊ ရွေ့လျားနေသော ရောင်စုံအစက် အပြောက်များ သို့မဟုတ် အမဲစက်များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္တုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတဝိုက်နာကျင်ခြင်း စသည့် လက္ခဏာများပြလာပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံး စစ်ဆေးမှုခံယူပါ။ 

မျက်စဉ်းဆေးရည်ကို  ဆရာဝန်ညွှန်ကြားချက်အတိုင်း ခတ် ပေးပါ။ မျက်ကပ်မှန် တပ်ဆင်သူများသည် သန့်ရှင်းသော လက်ဖြင့် ကိုင် တွယ်အသုံးပြုပါ။ တစ်နေ့လျှင် အများဆုံး ရှစ်နာရီထက်ပို၍ တပ်ဆင် ခြင်းမပြုသင့်ပေ။ မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း၊ မျက်လုံးကိုဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်းများ မပြုရပါ။ 

ခရမ်းလွန်ရောင်ခြည် ပြင်းထန်သည့်အဆင့် ရှိနေ၍ အထူးသဖြင့်  နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်သည့် အခါ UV  ကာကွယ်သော ရောင်ပြန်ထီး သို့မဟုတ် မျက်လုံးဖုံးအုပ်စေသော လျှာထိုး ဦးထုပ်ဆောင်းပါ။ အလင်းလှိုင်းဖြာထွက်မှုကို ထိန်းပေးပြီး နေကာ မျက်မှန် ကြီးကြီးတပ်ဆင်ပါ။ 

စက်ချုပ်ခြင်း၊ သိုးမွှေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့် ခြင်း အလုပ်များကို အတတ်နိုင်ဆုံး လျှော့ချပါ။ စာဖတ်သည့်အခါတွင် စာအုပ်ကို ဘေးတစောင်းမဖတ်သင့်ပါ။ 

သစ်ခွဲစက်၊ ကျောက်ခွဲစက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျောစီးခြင်းတို့အတွက် မျက်လုံး အ ကာ တပ်ဆင်ပါ။ 

မြန်မာ့ဆေးမြီးတိုများအဖြစ် (က) ကွမ်းရွက်ကို လက်ဖြင့် အသာချေ၍ နားထင်၊ မျက်ရိုးတစ်လျှောက်နှင့် မျက်ရည်အိတ် အောက်ဖက်တို့တွင် ကပ်ပေးပါ။ (ခ) သခွားသီးကို ပါးပါးလှီး၍ နားထင်၊ မျက်ခွံနှင့် မျက်စိတဝိုက်ကပ်ပါ။ (ဂ) ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖဝါးကို ဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။ (ဃ) မျက်လုံးတစ်ဝိုက်တွင် မန်ကျည်း သီးအနှစ်ကို မျက်ကွင်းဆေးအဖြစ် လိမ်းကျံပါ။ 

ညအိပ်ရာဝင်ခါနီး ဒူးခေါင်းပေါ်မှ ရေလောင်းချပါ။ 

ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှ အထက်ပိုင်းသို့ တစ်ဆင့်ပြီး တစ်ဆင့် ရေလောင်းပါ။

ဆက်နွှယ်ရောဂါများ

မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျခြင်း၊ အိပ်ရေး ပျက်ခြင်း၊ စီးကရက်မီးခိုးငွေ့များ၊ ကြွက်သားအားကောင်းဆေး၊ နာတာရှည်ရောဂါများ၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊ ကိုလက်စထရော များခြင်း တို့ကြောင့် "မျက်စိအတွင်းတိမ်"  ဖြစ်စေသည်။ 

ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချိူ၊ စိတ်မချမ်းမြေ့ခြင်း၊ ထုံးနှင့် ပေါင်းသတ်ဆေးစသော ဓာတုဆေးတို့ မျက်လုံးထဲ မတော် တဆဝင်ခြင်း၊ အဆီများသောအစားအစာများနှင့် ကိုယ်လက်လှုပ် ရှားမှုနည်း၍ အညောင်းမိခြင်းတို့ကြောင့်လည်း"မျက်စိရေတိမ်"  စွဲစေသည်။ 

ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသော အစားအစာများ၊ ငန်လွန်းသော အစားအစာတို့ကြောင့်"မျက်စိ ခြောက်၍ မျက်ရည်အိတ်ခန်း"  စေသည်။ 

ပါဝါမကိုက်သော မျက်မှန်ကြောင့်“အမြင်အာရုံပျက်စီး” စေသည်။ 

ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိတစ်ရှူးများ မာကျောခြင်း၊ ရေယုန်နာပေါက်ခြင်း၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်များ  ရောဂါများ ပြင်းထန်နေချိန်တွင် မျက်စေ့ပါဝါ စမ်းသပ်ပါက အဖြေ မှန်မထွက်နိုင်ချေ။

ဖြည့်စွက်စာများ

သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ်စားသုံးခြင်း သင့်ပါသည်။ သင့်တော်သည့် အစားအစာများကို ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိသွေး လည်ပတ်မှုကို အထောက်အကူ ပြုစေပြီး၊ ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ် ကြီးရင့်၍ မျက်စိကွယ်ခြင်းတို့မှ ထိထိရောက်ရောက် ကာကွယ် ပေးနိုင်သည်။ 

ဗီတာမင်အေ ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန် အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်များ။ 

လူတိန်းနှင့် ဇီအာဇန်သင်း ဓာတ်ကြွယ်ဝသော ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာ၊ အစိမ်းရောင်ပဲသီးများ။ 

ဗီတာမင်စီဓာတ် ကြွယ်ဝသော  စသည် အစာများစားသုံးပါ၊ (ဥပမာ-ပန်းငရုပ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွား မွှေး စသည်)

ဘိုင်အိုဖလေဗိုနွိုက်ဓာတ် ကြွယ်ဝသော ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီ၊ စပျစ်သီး၊ ဆီး(ဇီး)သီး။ 

ဗီတာမင်အီးဓာတ် ကြွယ်ဝသော နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊  ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့။ 

စီလီနီယမ်ဓာတ် ကြွယ်ဝသော ပုစွန်၊ဂဏန်း၊ ကင်းမွန် (ပြည်ကြီးငါး)၊ ရေဘဝဲ၊ ဂုံးကောင်စသောပင်လယ်စာများ။

brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီးတစ်မျိုး၊ တစေး ဖြင့်အချဉ်ဖောက်ထားသော နို့ချဉ်၊ ဒိန်ချဉ်များ။

ဇင့်ဓာတ်ပါရှိသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့ အဆန်အမျိုးမျိုး။ 

အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝသော ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက် ယောက်ဖ ၊ ငါးမည်းလုံး စသည်တို့ စားသုံးသင့်ပါသည်။

အမြင်အာရုံချို့ယွင်းစေသော အစားအစာများ

တညင်းသီး၊ မျှစ် သို့မဟုတ် မျှစ်ချဉ် စသည့် အကြောတက်စေ သော အစားအစာများ။ 

ဆားနှင့်သကြားကဲထားပြီး အာဟာရ လုံးဝ မမြောက်သော သွားရည်စာများ ဖြစ်ကြသည့် ကွတ်ကီးစ်မုန့်အမျိုးမျိုး။ 

တိရစ္ဆာန်နို့၊ ပဲနို့၊ ဟင်းရွက်ဆီတို့ကို ဟိုက်ဒြိုဂျင်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲထားသည့် မာဂျရင်း (ခေါ်) ထောပတ်တုများ။

အာလူး သို့မဟုတ် ကန်စွန်းဥ သို့မဟုတ် ငှက်ပျောသီးတို့၏ မူလသဘာဝဓာတ် ပျောက်အောင် အကျွတ်ကြော်ထားသော ဆီကြော် အစားအစာများ။ 

သကြား၊ သကြားလုံး နှင့် အချိုဓာတ်များလွန်းသော သွားရည် စာများ စသည်တို့ ဖြစ်ကြသည်။

လူအများက အမြင်အာရုံ ဆုံးရှုံးမှာကို ကြောက်ရွံ့ကြသော် လည်း ဂရုစိုက်ရန် မေ့နေတတ်ကြသည်။ မျက်စိကွယ်ခြင်း ၇၅ ရာခိုင်နှုန်း ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ရှောင်ရှားနိုင်ပါသည်။ ထို့ကြောင့် မျက်လုံးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စမ်းသပ်စစ်ဆေးခြင်းဖြင့်  ရေတိမ်ကဲ့သို့သော မျက်စိအစောပိုင်း လက္ခဏာများကို အလွယ် တကူ သိရှိနိုင်ပြီး ဆောလျင်စွာ ကုသနိုင်ပါသည်။ 

ထို့ပြင် မျက်စိကိုစစ်ဆေးခြင်းဖြင့် ဆီးချိုနှင့် သွေးတိုး အပါအဝင် အခြားသော ကျန်းမာရေး အခြေအနေများကိုလည်း သိရှိ နိုင်ပါသည်။ မျက်စိကျန်းမာစေရန်အတွက် ဆေးလိပ်သောက် ခြင်းကို ရှောင်ကြဉ်ကာ ပူပြင်းသော နေရောင်ခြည်အောက်တွင်  မျက်လုံးကို အကာအကွယ်ပြုရန် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တပ်ဆင်ထားပါရန် အကြံပြု တိုက်တွန်းလိုက်ရပါသည်။      ။







အခြားဆက်စပ်သတင်းများ