နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်

 ရန်ကုန်၊ ဇွန် ၂၅


လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက်မောတတ်ကြ၏။ ထိုအပျော်အပါးကို ဆင်ခြင်တုံတရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာ ဖြစ်သည်။ လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ ထို့ကြောင့် လူငယ်တို့သည် အနာဂတ်၏ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။


အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြသည်။ လူငယ်လူရွယ်များဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုက လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည်။ သုံးစွဲသူအတွက် အန္တရာယ်ရှိသလို ယင်းနှင့် ဆက်စပ်ပတ်သက်နေသည့် မိသားစု၊ လူမှုအသိုက်အဝန်းအတွက်လည်း အန္တရာယ်ရှိသည်။
အချို့လူငယ်လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင် သတိလက်လွတ်သားကောင် ဖြစ်သွားရသည်။ လမ်းမှားသို့ လွဲမှားစွာလျှောက်လှမ်းနေသည်ကို နှမြောတသ ဖြစ်ရသည်။


ယခုရက်ပိုင်းအတွင်း သတင်းများတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ တွေ့မြင်နေရသည်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများ၏ အဓိကပစ်မှတ်မှာ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ရာ မူးယစ်ဆေးဝါး၏ အန္တရာယ်များကိုပညာပေးရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၈၇ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ယင်းနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်း အခမ်းအနားများ ကျင်းပခဲ့သည်။


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို ဖမ်းဆီးရမိ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အေးရှားဝေါလ်တိုးဂိတ်အနီး ကွင်းပြင်၌ ကျင်းပရာ ဖမ်းဆီးရမိဓာတုပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြု သော ဆက်စပ်ပစ္စည်းများကို စက်ယန္တရားများအသုံးပြု၍ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ယင်းဆက်စပ်ပစ္စည်းများသည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခန်းဒေသတွင် တပ်မတော်စစ်ကြောင်းများ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အထူးစစ်ဆင်ရေးပြုလုပ်သိမ်းဆည်းရမိသော ဓာတုပစ္စည်း ၄၇ မျိုး၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာ တွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်း ၅၀ တန်ဖိုး ကျပ်သန်းပေါင်း ၃၃၇၉ သန်းခန့် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်) တို့ဖြစ်ကြောင်း သိရသည်။
လူငယ်တို့ကိုဖျက်ဆီးမည့် ယင်းအသံမထွက်လက်နက်များသည် အနာဂတ်မျိုးဆက်သစ်များ အညွန့် တလူလူဖြင့် ဆက်လက်ထွန်းတောက်မှုကို ပန်းကောင်းအညွန့်များ မညှိုးရအောင် ဝိုင်းဝန်းကာကွယ် ပူးပေါင်းပါဝင် တိုက်ဖျက်ဆောင်ရွက်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ