နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှိန်မြှင့်တင် ဆောင်ရွက်စေချင်

ရန်ကုန်၊ ဇွန် ၂၄


ကမ္ဘာ့လူဦးရေသည် လာမည့်  ၂၀၅၀  ပြည့်နှစ်တွင်  ကိုးဘီလီယံအထိ  တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထားကြသည်။ ယနေ့ကမ္ဘာကြီးတွင် ခုနှစ်ဘီလီယံကျော်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာ့လူသား အားလုံး၏ နေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြသည်။ လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝသော စားနပ်ရိက္ခာ များ ထုတ်လုပ်ရရှိရန်လည်း လိုအပ်သည်။


ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာ ဖြည့်တင်းမှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျပေသည်။ စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက် လာခြင်းမှသည် ငတ်မွတ်သူပပျောက်ရေးအစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုနေရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများရှိနေသည်။


သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှုကို များစွာ အထောက်အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူပြုစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ သည် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည်မျှော်မှန်းပြီး ရေတိုစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည်။


ကမ္ဘာတစ်ဝန်းထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏ သုံးပုံတစ်ပုံသည် အလဟဿအလေအလွင့်ဖြစ်ခဲ့ ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ထုတ်လုပ်ချိန်၌ ပျက်စီးဆုံးရှုံးရခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာအသုံးပြုစားသုံးချိန်တွင် အလဟဿဖြစ်ရကြောင်း ဖော်ပြထားသည်။


မြန်မာနိုင်ငံတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များကြီးထွားမှု နှောင့်နှေးစေခြင်းအား ရာနှုန်းပြည့် လျှော့ချပေးရန် တစ်နှစ်ပတ်လုံး လုံလောက်သောအစာရေစာ ရာနှုန်းပြည့်ရရှိစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှု စနစ်အားလုံး ရေရှည်တည်တံ့စေရန်၊ လုပ်ကွက်ငယ်တောင်သူများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေရာနှုန်းပြည့် တိုးမြှင့်စေရန်နှင့် အစားအစာလေလွင့်မှု ပပျောက်စေရန် မဏ္ဍိုင်ငါးခုကို အကောင်အထည်ဖော်လျက်ရှိသည်။


မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရည်အသွေးပြည့်ဝသော အစားအစာနှင့် အာဟာရတိုးမြှင့်ရရှိနိုင်ရေး အလေးထားဖော်ပြလျက်ရှိသည်။ အဆိုပါရည်မှန်းချက်ပြည့်မီရေးအတွက် အဓိက မဟာဗျူဟာတစ်ခုအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးများအားလုံးအတွက် ငွေကြေးထောက်ပံ့ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သည်။


သို့ဖြစ်ရာ ကလေးများပိန်လှီခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်မပြည့်ခြင်းနှင့်အတူ အာဟာရချို့တဲ့ခြင်း သည် ကာလတိုတွင် အနုတ်လက္ခဏာဆောင်သည့် အကျိုးဆက်ဖြစ်ပေါ်ခြင်း၊ ရှေးဦးသူငယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူလေ့လာမှုရလဒ်များ အဟန့်အတားဖြစ်စေခြင်း အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်ပေရာ အာဟာရမမျှတခြင်းကို ထိရောက်စွာ တိုက်ဖျက်စေချင်ကြောင်း။         ။






အခြားဆက်စပ်သတင်းများ