နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကြောင့် နိုင်ငံခြားဆေးဝါးဈေးကွက် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းနေ

 ရန်ကုန်၊ ဇွန် ၂၃


COVID 19 ကြောင့် လက်ရှိကာလတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားဆေးဝါးဈေးကွက်အတွင်း ၆၀ ရာခိုင်နှုန်း ခန့် တင်သွင်းမှုကျဆင်းနေသော အခြေအနေမျိုးကြုံနေရကြောင်း ဆေးဝါးပစ္စည်းမျိုးစုံတင်သွင်းရောင်းချသူများထံမှ သိရသည်။


“သင်္ဘောနဲ့ ဝင်နေတာတွေလည်းရှိပါတယ်။ အရေးပေါ်ဆေးတွေ၊ သတ်မှတ်အပူချိန်မှာထားသိုပြီး သယ်ဆောင်ရတဲ့ ဆေးတွေ၊ အသက်ကယ်ဆေးတွေ စတဲ့ ဆေးအချို့ကတော့ ပြတ်ကောင်းပြတ်နိုင်မယ်၊ Commercial Life မရှိတာ ကြောင့်ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ ဆိုင်ဖွင့်လှစ်ရောင်းချထားသလို  ဆေးဝါး ပစ္စည်းမျိုးစုံ တင်သွင်းရောင်းချနေသည့် ကိုမြင့်အောင်က ရှင်းပြသည်။


လွန်ခဲ့သော ဇွန်လဆန်းမှစ၍ ဆေးဝါး ပစ္စည်းများပြန်လည် တင်သွင်းမှုမြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ်အခြေအနေမှာ အေးစက်နေ သည့် အခြေအနေမျိုးဖြစ်နေကြောင်း၊ စျေးကွက်အနေအထားပေါ်မူတည်ကာ တင်သွင်းမှုများလည်းရှိနေပြီး လာမည့် မိုးအကုန်စက်တင်ဘာ၊ အောက်တိုဘာလောက်တွင် ပြန်လည်ကာ အခြေအနေတိုးတက်လာမည်ဟု မျှော်မှန်းထားကြသည်။


“မူလအတိုင်းပြန်ဖြစ်ဖို့ကတော့ လိုပါဦးမယ်။ မိုးအကုန်မှာ စျေးကွက်အနေအထားက မူလအတိုင်း ပြန်ရောက်ဖို့ မှန်းထားကြပေမယ့် ခက်တာက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတဲ့ ဘာလေးဘာကာလက ရောင်းအားလည်းကျတတ်တော့ စျေးကွက်က သေချာပြောဖို့တော့ ခက်တယ်”ဟု နိုင်ငံခြား ဆေးဝါးမျိုးစုံ လက်လီလက္ကားရောင်းချနေသည့် ကိုမျိုးကျော်က ရှင်းပြသည်။ ထိုရန်ကုန်ဆေးဝါး စျေးကွက်အတွင်းတွင် နှလုံး၊ သွေးတိုး၊ ဆီးချိုသမားများမှ ပုံမှန်ဝယ်ယူသောက်သုံးနေကြသော ဆေးဝါးများ၊ ပဋိဇီ၀ဆိုင်ရာဆေးဝါးများ၊ ဖျားနာ၊ ကိုက်ခဲ ပျောက်ဆေးများက ပုံမှန်ထက်အနည်းငယ်ပိုကာ ရောင်းချ နေရသော်လည်း စျေးကွက်အခြေအနေ တစ်ခုလုံးကို သုံးသပ်ကြည့်ပါက အေးနေသောအခြေအနေမျိုး ဖြစ်သည်။ ယခင်က စျေးနှုန်းနှင့်ဝယ်လိုအားမြင့်တက်ခဲ့သော Mask များမှာ ယခုစျေးပြန်ကျကာ အရောင်းအဝယ် ပြန်အေးလာခဲ့သည်။


ဆေးဝါးပြတ်လပ်မှုမျိုးမရှိသော်လည်း ပုံမှန်အားဖြင့် ရောင်းနေရသော ဆိုင်များလည်းရှိပြီး ယခုလိုမိုးတွင်း ကာလတွင် စျေးကွက်အေးတတ်သည့် အချိန်ကာလမျိုးလည်းဖြစ်သည့်အတွက် လာမည့်ပွင့်လင်းရာသီကာလ တွင်သာ အရောင်းအဝယ်အခြေအနေ တိုးတက်ကောင်းမွန်လာရန် မျှော်မှန်းစောင့်ဆိုင်းရောင်းချနေကြကြောင်း သိရသည်။


 (HK)






အခြားဆက်စပ်သတင်းများ