ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ပါသည်။ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ဘုရားအလောင်းတော် ကို ပဋိသန္ဓေ တည်နေတော်မူခြင်း၊ မဟာသက္က ရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့်နေ့၌ ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက် တော်မူခြင်း၊ တဖန် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်၊ စနေနေ့တွင် ဘုရားဖြစ်တော်မူပြီး နောက် ဓမ္မစကြာ တရားဦးဟောကြားခြင်းတို့ ကြောင့် ဗုဒ္ဓဘာသာဝင်များ မှတ်သားရလွယ်ကူ စေရန် သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ မှတ်သား ထားကြပါသည်။ ထို့ပြင် ရတနာသုံးပါးတွင်ပါဝင် သော "သံဃာ" ရတနာ ပထမဦးစွာ ပေါ်ထွက် လာသောနေ့လည်းဖြစ်ပါသည်။
ယခုနှစ် ပြက္ခဒိန်တွင် ဝါထပ်သည့်နှစ်ဖြစ်၍ ပထမဝါဆိုလပြည့်နေ့သည် ဇူလိုင် ၂ ရက်ဖြစ်ပြီး ဒုတိယဝါဆိုလပြည့်နေ့မှာ ဩဂုတ် ၁ ရက်ဖြစ်ပါ သည်။ ဒုတိယဝါဆိုလပြည့်နေ့ကိုသာ ဓမ္မစကြာ နေ့ဟူ၍ သတ်မှတ်ပေးထားပါသည်။
"ဝါ"ဟူသည်မှာ ပါဠိမှ တိုက်ရိုက်ဆင်းသက် လာသော စကားဖြစ်၍ "နေခြင်း"ဟု အဓိပ္ပါယ် ရပါသည်။ "ဆို" ဟူသည်မှာ "ရွတ်ဆိုခြင်း" အဓိပ္ပါယ်ရပါသည်။ မိုးတွင်းသုံးလအတွင်း ရဟန်း တော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသော လကို ဝါဆိုလဟု ခေါ်ပါသည်။ ပုဂံကျောက်စာ တွင် အစောပိုင်းကာလ၌ "မ္လယ်တာ"ဟူ၍လည်း ကောင်း၊ "မြွယ်တာ"ဟူ၍လည်းကောင်း ရေး သည်။ နောက်ပိုင်းတွင် "နွယ်တာ"ဟူ၍လည်း ကောင်း၊ "နွေတာ"ဟူ၍လည်းကောင်း ရေးလာ ကြသည်။
ဝါဆိုလတွင် ရဟန်းသံဃာတော်များ နေရင်း ကျောင်းမှ ခရီးသွားခြင်းများမပြုတော့ဘဲ နေရင်း ကျောင်း၌ပင် သီတင်းသုံးတော်မူကြခြင်းကို ဝါကပ် သည်ဟု ခေါ်ဆိုပါသည်။ ဗုဒ္ဓစာပေများကို သင် ကြားခြင်း၊ တရားအားထုတ်ခြင်းများကို ဆောင် ရွက်ကြသည့်အတွက် မိုးတွင်း၌ ဆွမ်းခံထွက်ကြ ရသော သံဃာတော် အရှင်သူမြတ်များ သင်္ကန်း မိုးစိုခြင်းကြောင့် သင်္ကန်းအလဲအလှယ်ပြုနိုင်စေ ရန် ဝါဆိုသင်္ကန်းများကို လှူဒါန်းကြပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ကျောင်းများ၊ ပုဂ္ဂလိကမိသားစု များကလည်း ဝါဆိုသင်္ကန်းများကို ကပ်လှူကြပါ သည်။
ဝါဆိုလတွင် ပန်းများ ဝေဝေဆာဆာပွင့်လန်း ကြသောကြောင့် ဝါဆိုပန်းခူးထွက်ခြင်း၊ ဝါဆိုပန်း ကပ်ခြင်းများကိုလည်း ပျော်ပျော်ပါးပါး ဆင်နွှဲကြ ပါသည်။
ဝါဆိုလ၌ ဝါဆိုဖယောင်းတိုင်ဟူ၍ သာမန်ထက် အဆများစွာကြီးသော ဖယောင်းတိုင်များကို ပြုလုပ် ရောင်းချကာ ဆီမီးပူဇော်ကြပါသည်။
မြန်မာနိုင်ငံတွင် ဝါတွင်းကာလ၌ ဥပုသ်နေ့ များတွင် ဥပုသ်စောင့်ကြသဖြင့် အစိုးရကျောင်း များကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အစား၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ကို ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ပေးသောကြောင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများပါ မိဘများနှင့်အတူ ဥပုသ်စောင့်နိုင်ကြပါသည်။ ကုသိုလ်ကောင်းမှု များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြခြင်း ကြောင့် လောကီကိစ္စများဖြစ်သော အိမ်ယာ ထူထောင်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်း စသည်တို့ကို ဝါမဝင်မီ၌သာ ပြုလုပ်ကြ၍ ဝါတွင်းကာလတွင် ရှောင်ရှားကြပါသည်။
မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုး ထုတ်လုပ်သဖြင့် တောင်သူလယ်သမားများက မိုးစပါးကို အားထားစိုက်ပျိုးထုတ်လုပ်သော ကာလ လည်းဖြစ်ပေသည်။ လယ်ယာလုပ်ငန်းခွင်တွင် မိသားစုများ တပျော်တပါး အလုပ်လုပ်ကြသော ကာလဖြစ်သည်။ ယခုအခါတွင် စက်မှုလယ်ယာဦးစီး ဌာနက အထောက်အကူပြုသဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး ပေးခြင်း၊ လိုအပ်သည့် ဓာတ်မြေဩဇာများရောင်းချ ပေးခြင်းတို့ကြောင့်လည်းကောင်း ဆန်စပါးထုတ်လုပ် မှု အားကောင်းသောကာလလည်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ တောင်နှင့်မြောက် သွယ်တန်းနေသော တောင်စဉ် တောင်တန်းကြီးများကြောင့် သဘာဝဘေးအန္တရာယ် မှ ကာကွယ်ထားပေးသကဲ့သို့ရှိပါသည်။ သို့ရာ တွင် မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ်ဖြစ် သည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုများ၊ မိုးသက် မုန်တိုင်းကျရောက်ခြင်းများကိုမူ မိုးလေဝသနှင့် ဇလဗေဒဌာနက ကြိုတင်အသိပေးခြင်း ပြုနိုင် သဖြင့် အသက်ဘေးအန္တရာယ်နှင့် ပျက်စီးဆုံးရှုံး မှုများ ထိုက်သင့်သလောက် လျော့နည်းနိုင်ပါ သည်။ ထို့ကြောင့် မိုးတွင်းကာလဖြစ်သော ဝါ တွင်း၌ မိုးလေဝသနှင့်ဇလဗေဒဌာန၏ အချိန်နှင့် တစ်ပြေးညီ အသိပေး ကြေညာချက်များကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို အလေးထားကာ အစိုးရဌာနများနှင့် အသင်းအဖွဲ့များ၊ ပြည်သူများက စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည် မှာ အားရစရာ ကောင်းလှပါသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် နိုင်ငံ တော်ဖြစ်သောကြောင့် ဝါဆိုလပြည့် ဗုဒ္ဓနေ့ကို အလေးအမြတ်ပြုတတ်ကြသကဲ့သို့ ဘုရားရှင်၏ အဆုံးအမအတိုင်း အလုပ်လုပ်ရင်း ဒါန၊ သီလ၊ ဘာဝနာတရားများကို ကြိုးပမ်းအားထုတ်ကြသူ များဖြစ်ကြပါသည်။
ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ သဘာဝဘေး အန္တရာယ်ကြောင့် အခက်အခဲများနှင့် ရင်ဆိုင် နေကြရသူများကိုလည်း နိုင်ငံတော်အစိုးရ၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအပြင် စေတနာရှင်၊ လူမှုရေးအဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များကလည်း ဝိုင်းဝန်းကူညီပေး ကြသည်မှာ အားရဖွယ်ဖြစ်ပါသည်။
မိုးရာသီကာလတွင် မိုးအေးအေးနှင့် စာပေ သင်ကြားရခြင်း၊ စာဖတ်ရခြင်းများသည် အလွန် အဖိုးတန်သော အချိန်ကာလများဖြစ်ပါသည်။ ကျောင်းသားလူငယ်များသည် မိဘ၊ အုပ်ထိန်းသူ များ၏ အရိပ်အာဝါသအောက်တွင် ခိုလှုံနေရစဉ် ကာလတွင် ပူပင်စရာ၊ ကြောင့်ကျစရာများမရှိ သောကြောင့် စာကိုသာ ကြိုးစားဖတ်ရှုခဲ့ရသည် ဖြစ်ရာ မိဘဆရာတို့၏ ကျေးဇူးများဆပ်၍မကုန် အောင်ရှိခဲ့ပါသည်။
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေ ကြရသူများသည် မြတ်ဗုဒ္ဓ၏ ဝိနည်းတော်များ နှင့်အညီ ထီး၊ ဖိနပ်မပါဘဲ နေပူ၊ မိုးရွာမရှောင် ဆွမ်းခံကြွနေတော်မူကြသော ရဟန်း၊ သံဃာ တော်များကို သဒ္ဓါစိတ်ထား၊ မေတ္တာစိတ်များဖြင့် လေ့လာမိလျှင် မိမိတို့၏ ဘဝအမောများပါ ပြေပျောက်ကာ ကြည်ညိုစိတ်များ ပိုမိုတိုးပွား လာကြမည်ဖြစ်ပေသည်။