နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမြတ်ဝါဆို

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ ပါဝင်သည်။ ထို့ကြောင့် နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလ ဖြစ်သည်။ ဗေဒင်အရ ကရကဋ် ရာသီဟုခေါ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ “နေ့မှာဝါဆို၊ ညမှာပြာသို” ဆိုသကဲ့သို့ ညတာတို၍ နေ့တာ အရှည်ဆုံးသော ရက်စုံလ ဖြစ်သည်။ 

မြန်မာ့ရိုးရာပြက္ခဒိန်တွင် ဝါထပ်သောနှစ်ကို တွေ့ရတတ် သည်။ ဝါထပ်သောနှစ် ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလ နှင့် ဒုတိယဝါဆိုလ ဟူ၍ သတ်မှတ် ရေတွက်ထား သည့် နှစ်ကို ဆိုလိုပါသည်ဟု လေ့လာသိရှိရသည်။ 

ဝါဆိုလတွင်မြတ်လေးပန်း နှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းကို ဝါဆိုလ၏ ရာသီပန်းအဖြစ် သတ်မှတ်ထားကြသည်။ မြတ်လေးပန်းကို တော်ဝင်ပန်းအဖြစ် သတ်မှတ် ကာ ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်း အဆီကို နန်းတွင်းသုံး ခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြု ကြကြောင်း လေ့လာမှတ်သားရပါသည်။ မြတ်လေးပန်း၏ ထူးခြား ချက် မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလို အလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်ထိ ပင်ယံထက်တွင် တည်နေတတ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအားဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာ၌ “မြတ်လေးပန်းလိုကျင့်” ဟု ပမာနှိုင်း၍ ဆိုလေ့ရှိသည်။

ဝါဆိုပွဲတော်များ

ဝါဆိုလတွင် ရဟန်း သံဃာတော်တို့သည် မိမိတို့ ကျောင်းပရ ဝဏ်အတွင်း ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်း ကြဘဲ နေထိုင် သီတင်းသုံးကြသည်။ ထို့ကြောင့် ဝါဆိုလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာတရားကို ထူထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လျစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်းကြောင့် အထွတ် အမြတ်ပြုရသည့်လလည်းဖြစ်ပါသည်။ 

ပုဂံခေတ်က ဝါဆိုလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုအမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ဝါဆို ဟူသော ဝေါဟာရမှာ ပုဂံပြည် အနော်ရထာမင်းစောလက်ထက်၊ ပရိယတ္တိ သာသနာစာပေ ကျမ်းဂန်ရောက်ရှိ၍ ရဟန်းသံဃာတော်တို့ ဝါဆို ဝါကပ် ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာဖြင့် ခေါ်ဝေါ် ရေးသားကြသည်။ 

တစ်နည်းဆိုရလျှင် ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားရဘဲ မိမိ တို့၏ ကျောင်းအရံအတွင်း၌ နေခြင်းဖြစ်ပြီး ဤသို့ရဟန်းတော်များ ဝါဆို၊ ဝါကပ်သည်ကိုစွဲ၍ ဝါဆိုလဟု ခေါ်ကြခြင်းဖြစ်ပါသည်။ 

မြန်မာမင်းများလက်ထက်က တစ်လလျှင် ပွဲတော်တစ်မျိုးစီ ကျင်းပလေ့ရှိရာ ဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပလေ့ရှိ သည်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူ ရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနားနှင့် သွတ်သွင်း ချီးမြှင့်ခြင်းဖြစ်ရာ ဘုရင်များ ကိုယ်တော်တိုင် အလေးအမြတ်ပြု လျက် ကျင်းပသော ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့် ခေတ်၊ မည်သည့်ဘုရင် လက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရန် မလွယ်ကူ တော့သော်လည်း  ကျောက်စာပါ ရေးထုထားသည့် အကြောင်းအရာ များ၊ ရှေးစာဆိုများ၏ ဖွဲ့ဆိုမှုများအရ ပထမ အင်းဝခေတ်၌ ပဉ္စင်း တော်ခံပွဲတော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ရှေးမြန်မာမင်းများ လက်ထက်က နယုန်လ စာပြန်ပွဲတွင် စာအောင်ကြသူများအနက် မပြည့်စုံကြသော ပြည်သူတို့ကိုဘုရင် မင်းမြတ် ဦးစီး၍ ရှင်အဖြစ်လည်းကောင်း၊ ရဟန်းအဖြစ်လည်း ကောင်း ရှင်ပြုရဟန်းခံခြင်းများကို တခမ်းတနား ကျင်းပကာ ကုသိုလ် ယူလေ့ရှိရာ ဝါဆိုလ ပဉ္စင်းခံပွဲဟူ၍ ဆယ့်နှစ်လ ရာသီပွဲတော်တစ်ခု အဖြစ် တွင်ကျန်နေရစ်ခြင်းဖြစ်ပါသည်။ 

သို့ရာတွင် မျက်မှောက်ကာလတွင်မူကား ပဉ္စင်းတော်ခံပွဲကို ရှေးအခါကကဲ့သို့ ဝါဆိုလ၌သာ ကျင်းပလေ့မရှိတော့ဘဲ ရာသီဥတု သာယာသည့် ဆောင်း၊ နွေဥတု နှစ်ပါးစလုံးတွင် မိမိတို့ အဆင်ပြေ သည့်လ၌ ကျင်းပလေ့ရှိကြသည်။ ထို့ကြောင့် ဝါဆိုလ၏ ရာသီပွဲ တော်မှာ  ပဉ္စင်းတော်ခံပွဲသာမက  သံဃာတော်များ  ဝါဆိုပွဲ၊ ဝါဆိုပန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ သက်ကြီးဝါကြီး ပူဇော် ကန်တော့ပွဲတို့ကို စုပေါင်း ခေါ်ဝေါ်ထားသည့် ဗုဒ္ဓဘာသာ ဝင်တို့၏ ရာသီပွဲတော်ဖြစ်သည်။ 

ဝါဆိုလပြည့် ဗုဒ္ဓနေ့

ဝါဆိုလသည် မြန်မာလများတွင် ဘာသာ၊ သာသနာဆိုင်ရာ ထူးမြတ်သည့် လဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ သည်လည်း “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမ မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက် တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံ၊ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း ဟူသော ထူးခြား သည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ 

ထို့ပြင် ဝါဆိုလပြည့်နေ့သည် တရားရတနာ စတင်ပေါ်ပေါက်ရာ နေ့၊  သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့ဖြစ် သကဲ့သို့ ပုထုဇဉ် ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ် သည်။ “ဧဟိဘိက္ခူ” ဟူသောစကားကို စတင် ကြားရသောနေ့ လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလ ပြည့်ကျော် ၁ ရက်မှ စ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါ ကပ်သော အခါထူးအခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလ ပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူး နေ့မြတ် ဖြစ်ပေသည်။ 

ထို့ပြင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန် ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဓမ္မ စကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများပြုကြ သည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူ ဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကို ပြုကြသည်။ ဝါဆိုလပြည့်ကျော် ၁ ရက်တွင်လည်း နိုင်ငံတော်တစ်ဝန်း၌  ဝါဆိုပန်းခူးသည့် အလေ့အထ  များ ယနေ့တိုင်ရှိနေသည်။ ဝါဆိုပန်းကို ဘုရားကပ်လှူရန် ရည်ရွယ် ၍ ပျော်ပျော်ရွှင်ရွှင် ခူးဆွတ်ဆင်နွှဲကြသည်။ ဝါဆိုပန်းများ၊ ဝါဆို ဖယောင်းတိုင်ကြီးများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာ တော်များအား ဝါဆိုသင်္ကန်း ကပ်လှူပွဲများလည်း ဆင်နွှဲ ကြသည်။

တောင်သူပျော်သောလ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကထားသော နိုင်ငံ တစ်နိုင်ငံဖြစ်၍ ရှေးကာလကတည်းကပင် လယ်ယာလုပ်ငန်း များကို ကျယ်ပြန့်စွာ ဆောင်ရွက်လေ့ရှိပြီး ဝါဆိုမိုးနှင့်အတူ နိုင်ငံအတွင်း၌ လယ်လုပ်ငန်းများကို တောင် သူလယ်သမားများက တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကြသော ကာလဖြစ်သည်။ ဝါဆိုလမြင်ကွင်းတွင် တက်ကြွလန်းဆန်း ရွှင်မြူးနေသောလယ်ယာ လုပ်ငန်းရှင်များကိုလည်း မြင်တွေ့ကြရသည်။

 ထို့ကြောင့် ဝါဆိုကာလသည် ဗုဒ္ဓဘာသာ မြန်မာတို့အတွက် မွန်မြတ်သော လတစ်လဖြစ်သည်။ 

ဝါဆိုကာလတွင် တရားဓမ္မသံများ ဝေစည်လျက်ရှိပြီး လောကီကာမဂုဏ်ကိစ္စများဖြစ်သည့် ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများကိုပင် ခေတ္တရပ်နားထားကြသည်။ သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့ပွဲများလည်း ကျင်းပလေ့ရှိပြီး နိုင်ငံတစ်ဝန်း၌ ကုသိုလ်ကောင်းမှုများဖြင့် တိုးပွား ပြည့်စုံနေသော လတစ်လဖြစ်ရာ ရခဲလှသော လူ့ဘဝအချိန် အတွင်း ကောင်းမှုကုသိုလ်တရားများ ပွားများကြစေလိုပါကြောင်း နှိုးဆော်သမှုပြုအပ်ပါသည်။     ။







အခြားဆက်စပ်သတင်းများ