နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစာမရသည့် ဆိုမာလီစစ်သည်များက သမ္မတနန်းတော်အနီးတွင် လမ်းများကို ပိတ်ဆို့

မိုဂါဒစ်ရှူ   ဇွန်   ၁၄


လစာမရခြင်းကြောင့် ဆန္ဒပြသည့်အနေဖြင့် အာဏာဖီဆန်သည့် စစ်သည်များက ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူမြို့ရှိ သမ္မတနန်းတော်အနီးတွင် လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ တစ်နှစ်ကျော်ကြာသည်အထိ လစာမရသေးဟု စစ်သည်အချို့က ဆိုသည်။ ဒေသခံရုပ်သံမှတ်တမ်းများအရ စစ်သည်များက အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့၏ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိအောင် ပိတ်ဆို့ထားကြောင်း တွေ့ရသည်။ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့မှ စစ်သည်များမှာ အစ္စလာမ်လက်နက်ကိုင် အယ်လ်ရှာဘတ်အဖွဲ့ကို တွန်းလှန်တိုက်ခိုက်နေသူများဖြစ်သည်။ ယခုအားလပ်ရက်တွင် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ တိုက်ခိုက်မှုတစ်ခုကို အယ်လ်ရှာဘတ်အဖွဲ့က လုပ်ခဲ့ခြင်းဟု ဆိုသည်။ အယ်လ်ရှာဘတ်အဖွဲ့မှာ ရှာရီယာဟု လူသိများသည့် အစ္စလာမ်ဥပဒေကို ဆိုမာလီနိုင်ငံတွင် တင်းတင်းကျပ်ကျပ် လိုက်နာကြစေလိုပြီး အစိုးရဖြုတ်ချရေးကို တိုက်ပွဲဝင်နေခြင်းဖြစ်သည်။


မိုဂါဒစ်ရှူမြို့တွင် လမ်းများကို ပိတ်ဆို့ထားသည့် စစ်သည်များမှာ မကြာသေးမီက ရှီဘယ်လီဒေသတွင် အယ်လ်ရှာဘတ်လက်နက်ကိုင်များကို တိုက်ခိုက်ခဲ့ခြင်းဟု သတင်းများက ဖော်ပြသည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာအလှူရှင်များ၏ ဖိအားပေးမှုအရ စစ်သည်များ၏လစာကို အထက်အရာရှိများ ခေါင်းပုံမဖြတ် နိုင်စေရန်အတွက် ဆိုမာလီအစိုးရက စစ်သည်များ၏ ဘဏ်အကောင့်များသို့ လစာတိုက်ရိုက် လွှဲပေးခဲ့သည်။ လစာစာရင်းတွင် အမှန်တကယ်မရှိသည့် စစ်သည်များ၏အမည် သို့မဟုတ် အချိန်အတော်ကြာ ကတည်းက စစ်တပ်မှထွက်သွားသူများ၏ အမည်များပါဝင်နေကြောင်း တွေ့ရသည်ဟု အရာရှိများက ဆိုသည်။ 

 KNT






အခြားဆက်စပ်သတင်းများ