နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျွန်ဘော်တန်၏ အတ္ထုပ္ပတ္တိစာအုပ်ထုတ်ဝေခွင့်မရအောင် တားဆီးပိတ်ပင်သည့် ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှု ရှုံးနိမ့်

ဇွန် ၂၁  ဝါရှင်တန်

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန်ဘော်တန်၏ အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေခွင့်မရအောင် တားဆီးပိတ်ပင်လိုသည့် သမ္မတဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုကို အမေရိကန်တရားသူကြီးတစ်ဦးက ပယ်ချခဲ့သည်။ ဂျွန်ဘော်တန်၏စာအုပ်မှာ ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်ပိုင်းခြားထားခြင်းမရှိဟု အမေရိကန်တရားရုံးဝန်ကြီးဌာနက တင်ပြခဲ့သည်။

''သူတို့ရဲ့ကန့်ကွက်မှုက ပြန်ပြင်မရတဲ့ ထိခိုက် ဒဏ်ရာရမှုကို တားဆီးနိုင်လိမ့်မယ်ဆိုတာကို အမေရိကန်အစိုးရက ထုတ်ဖော်ပြသနိုင်ခဲ့ခြင်း မရှိပါဘူး''ဟု ဝါရှင်တန်ဒီစီခရိုင်တရားရုံး၏ တရားသူကြီး ရွိုက်စ်လမ်ဘတ်က ပြောသည်။ ဂျွန်ဘော်တန်မှာ အမေရိကန်အမျိုးသားလုံခြုံရေးကို လောင်းကြေးထပ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံကို ထိခိုက်အောင် လုပ်ခဲ့ကြောင်း တရားသူကြီးက ဆိုသည်။

ဂျွန်ဘော်တန် ရေးသားသည့် The Room Where It Happened အတ္တုပ္ပတ္တိစာအုပ်သိန်းချီကို ပုံနှိပ်ဖြန့်ဖြူးထားပြီး လာမည့်အင်္ဂါနေ့တွင် စတင်ရောင်းချတော့မည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်များမှာ လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ရွေးကောက်ခံရလိုသည့်ဆန္ဒ၏ လွှမ်းမိုးခြင်းခံထားရသည်ဟု အဆိုပါအတ္တုပ္ပတ္တိစာအုပ်တွင် ဂျွန်ဘော်တန်က ရေးသားပုံဖော်ထားသည်။ သို့သော် အဆိုပါစာအုပ်မှာ အလိမ်အညာများ၊ မဟုတ်မမှန်အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

ဂျွန်ဘော်တန်မှာ ယင်း၏စာအုပ်ထဲတွင် လျှို့ဝှက်သတင်းအချက်အလက်များ မပါဝင်ကြောင်း သက်သေပြရန်အတွက် စာအုပ်မထုတ်ဝေမီ လက်ရေးစာမူကို စိစစ်သုံးသပ်မှု ခံယူရရန် ပျက်ကွက်ခဲ့ကြောင်း တရားရေးဝန်ကြီးဌာန ရှေ့နေများက ဆိုသည်။ သို့သော် ဂျွန်ဘော်တန်၏ရှေ့နေများက အဆိုပါ ပြောကြားချက်ကို ပယ်ချခဲ့ပြီး လက်ရေးစာမူကို အသေးစိတ် စိစစ်သုံးသပ်မှု ခံယူခဲ့ပြီးဟု ပြောသည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည့် ဂျွန်ဘော်တန်မှာ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်အရေးကိစ္စများနှင့်ပတ်သက်ပြီး သမ္မတနှင့် သဘောထားကွဲလွဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ 

(KNT)






အခြားဆက်စပ်သတင်းများ