ကမ္ဘာတစ်ဝန်းတွင် ရာစုနှစ်အတွင်း နည်းပညာသိပ္ပံနှင့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်မြင့်တိုးတက် ပြောင်းလဲနေသည်။ ကမ္ဘာတစ်ဝန်းတွင် စနစ်မကျသော အညစ် အကြေးစွန့်ပစ်မှုမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွား၍ မသေသင့်ဘဲ သေဆုံးနေကြရသည်။
မျက်မှောက်ကာလတွင် လူသန်းပေါင်း ၂၄၀၀ ကျော်သည် ရေအိမ်ကို စနစ်တကျ သုံးစွဲနိုင်ခြင်းမရှိသည့်အပြင် အိမ်သာလုံးဝ မရှိသဖြင့် အဆင်ပြေသောနေရာများ၌ ဖြစ်သလိုသွားလာနေရသူ များမှာ သန်း ၁၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။
လူတိုင်း အိမ်သာသုံးစွဲလာရေးကို အာရုံစိုက်လာစေရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်ကို ကမ္ဘာ့ အိမ်သာနေ့အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ယင်လုံ အိမ်သာသုံးစွဲမှု တိုးတက်နေသော်လည်း ကျန်းမာရေးအသိ နည်းပါး သည့်အချို့ဒေသများ၌ ရေအိမ်သုံးစွဲမှုအလေ့အထကို မလုပ်ဆောင် နိုင်သေးပေ။ မြန်မာနိုင်ငံတွင် ယင်လုံအိမ်သာ (ရေအိမ်) အသုံးပြု သည့် အိမ်ထောင်စုလူဦးရေ ၇၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့ လူဦးရေ၏ လေးပုံတစ်ပုံခန့် ယင်လုံအိမ်သာသုံးစွဲရန် လိုအပ်နေရာ ဖြစ်ကြောင်း စစ်တမ်းကောက်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် ယနေ့တိုင် ခြံဝင်း၊ ကွင်းပြင်ထဲတွင် အပေါ့သွား၊ အခင်းသွားနေကြသည်။ တချို့ဒေသ များတွင် အန္တရာယ်ကိုလွယ်ထားပြီး အလင်းရောင်ထွက်ရှိသည့် အချိန်ထိ စောင့်နေတတ်သူများ၊ အချို့ဒေသများတွင် အိမ်သာ အမည်ခံ၊ မလုံမခြုံ၊ မခိုင်မခံ့၊ ယိုင်နဲ့နဲ့ အိမ်သာများကို အသုံးပြုနေ ရသည်။
သန့်ရှင်းသော ယင်လုံအိမ်သာမရှိခြင်းသည် ကူးစက်ရောဂါ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး ကလေးငယ်များမှာ တိုက်ရိုက်ခံစားကြရသည်။ အကောင်းဆုံးအိမ်သာတစ်လုံး ကိုယ်တိုင်ဆောက်သုံးပါက ယင်လုံရမည်။ အနံ့ကင်းရမည်၊ သန့်ရှင်းရမည်။ မစင်မှရောဂါမပြန့်စေရန် တားဆီးနိုင်ရမည်။ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်စေရန် သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုပါ၊ မြေပြင်ပေါ်မစင်မစွန့်ပါနှင့် ယင်မလုံပါက ထုံး၊ ပြာ၊ မြေကြီးနှင့် ဖုံးပါ၊ ယင်နားစာများမစားပါနှင့်။ ရေကို ကျိုချက်၍ သောက်ပါ။ အိမ်သာအဆင်းနှင့် အစားအစာများ မကိုင်တွယ်၊ မစားသောက်မီလက်ကို ရေနှင့်ဆပ်ပြာသုံး၍ စင်ကြယ်အောင်ဆေး ရန် လိုအပ်သည်။
ပြည်သူတစ်ရပ်လုံး ရေအိမ်ကို စနစ်တကျအသုံးပြုတတ်သည့် အလေ့အထရရှိစေရေး၊ အိမ်သာကို နှာခေါင်းရှုံ့စရာဟု သဘော မထားဘဲ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေး ဝိုင်းဝန်းကြိုး ပမ်းစွမ်းဆောင်စေချင်ကြောင်း။ ။