နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရိုးရာ မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး

၁၃၈၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ရက် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာတို့၏ အစည်ကားဆုံး အပျော်ရွှင်ဆုံးဆင်နွှဲကြသော မဟာသင်္ကြန်ပွဲတော်ကာလမှာ မကြာမီ ကျရောက်မည်ဖြစ်ရာ သက်ဆိုင်ရာများက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ သင်္ကြန်ကိုချစ်မြတ်နိုးသော ပြည်သူများကလည်း သင်္ကြန် ပွဲတော်ကိုနွှဲပျော်ရန် ကြိုဆိုလျက်ရှိနေသည်။

အလားတူပင် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့်  ဆပ်ကော်မတီများ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုတည်ငြိမ်အေးချမ်းစွာ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကျင်းပရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ရှေးနှစ်ပေါင်းများစွာကတည်း က မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာများနှင့် အညီ ရည်ရွယ်ချက်ဖြင့် ကောင်းမွန်စွာ ကျင်းပလာခဲ့သည့်ပွဲတော်လည်း ဖြစ်သည်။

သို့ဖြစ်ရာ  သင်္ကြန်ပွဲတော်၏  ရည်ရွယ်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေးအတွက်  မြန်မာတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ဆန့်ကျင်သော ပြုမူပြောဆို ဆောင်ရွက်မှုများကို ရှောင်ရှားကြရမည်ဖြစ်သည်။

၁၃၈၄ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများကို ယခင်နှစ်နည်းတူ ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ၁၂ ဦး ယိမ်း (ရုံး/အခြားဌာနများ)၊ ၁၆ ဦး ယိမ်း (ရုံး/အခြားဌာနများ)၊ ၂၀ ဦး ယိမ်း (အလွတ်တန်း)၊ ၁၂ ဦး ယိမ်း (ကျား) (အလွတ်တန်း)၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဟူ၍ သီးခြား ကျင်းပမည်ဖြစ်သည်။

ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ရိုးရာမပျက်ဆင်နွှဲခြင်းဖြင့် မိမိတို့၏ ဂုဏ်ကို ဖော်ထုတ်ပြသရာလည်း ဖြစ်ပေရာ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် တည်ငြိမ်အေးချမ်း၊ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများက ပူးပေါင်း        ပါဝင်ဆောင်ရွက်လျက်ရှိပေသည်။         ။







အခြားဆက်စပ်သတင်းများ