နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူကို အာဇာနည်နေ့တွင် စတင်ထုတ်ဝေမည်

ရန်ကုန်  ဇွန် ၁၉

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ် အမျိုးမျိုးကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိရာ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။

ယခုကဲ့သို့ ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား  ၁၅၀  မီလီမီတာ အနံ  ၇၀ မီလီမီတာ ရှိသည်။ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် "ငါးရာကျပ်" ဟုဖော်ပြထားသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားသည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပြီး ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားသည်။

ငါးရာကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ "CENTRAL BANK OF MYANMAR" စာတန်းအောက်ပိုင်း၌ "FIVE HUNDRED KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားသည်။

လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။                                                                  

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ