နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
City Taxi အစီးရေ ၁၃၀၀ ကျော် ဘေးစတေကာနံပါတ်များ ပြောင်းလဲတပ်ဆင်ပြီး ကျန်ယာဉ်များ ဆက်လက်လုပ်ဆောင်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့်  City Taxi ယာဉ်များစည်းကမ်းနှင်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ ခရီးသည် ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုဆောင်ရွက်နိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC အနေဖြင့် City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ် အလိုက် အခြေခံသည့်သင်္ကေတအမှတ်အသားများဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ City Taxi ယာဉ်အစီးရေ ၁၃၆၁ စီးကို ပြောင်းလဲတပ်ဆင် ပေးခဲ့ပြီး ကျန် City Taxi ယာဉ်များကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။   

YRTC စီမံမှုအောက်ရှိ "ဂ" စင်းလုံးဌားဌာနတွင် မှတ်ပုံတင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ပေးလျက်ရှိရာ၊ ယခင်က ရန်ကုန်တိုင်းဒေသ ကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံပြီး City Taxi ယာဉ်၏ ဘေး စတေကာနံပါတ်များကို E,W,S,N သင်္ကေတများဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာန မှလည်း မော်တော်ယာဉ်နံပါတ်များကို မြို့နယ်အလိုက်သင်္ကေတ အမှတ်များကို ပြောင်းလဲသတ်မှတ်ခဲ့သဖြင့် City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် မြို့နယ် အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ် များဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြောင်းလဲပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

"City Taxi ဘေးစတေကာနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရာ ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ်ရှိတဲ့အတွက် မြို့နယ်တစ်ခုချင်း           နံပါတ်တွေပေးပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်၊ City Taxi မှတ်ပုံတင်ရာမှာလည်း အရင်က ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင် စာရင်းတွေ စာချုပ်တွေ တောင်းခံတာတွေရှိပါတယ်၊ အခုဆိုရင် အဲဒါ တွေ မတောင်းခံတော့ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်မှာရှိတဲ့ နောက်ဆုံး အမည်ပေါက်ရယ်၊ သက်သေခံလက်မှတ်မှာရှိတဲ့ သက်တမ်းတိုးပြီး အထောက်အထားတွေရယ်၊ လုပ်ငန်းလိုင်စင်အပိုင်း ၁ နဲ့ ၂ ရယ်၊ ပြီးတော့ ယာဉ်ပိုင်ရှင်နဲ့ယာဉ်မောင်းသူတွေရဲ့ မှတ်ပုံတင်၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်း လိုင်စင် "ဃ" နဲ့ "င"အဲဒီအထောက် အထားတွေဘဲယူမှာဖြစ်ပါတယ်၊ အဲဒါတွေကိုလည်း လာရောက်ဆောင် ရွက်သူကို ပြန်လည်ပေးအပ်လိုက်မှာဖြစ်ပြီး  e-Goverment စနစ် အတိုင်းကွန်ပြူတာနဲသိမ်းဆည်းထားမှာဖြစ်ပါတယ်" ဟု ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ရှင်းပြသည်။

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်က ကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကောက်ခံမှာမဟုတ်ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃၀၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင်ကဒ်စနစ် ၃၅၀၀ ကျပ်နှင့် ဘေးစတေကာ နံပါတ်အတွက် ၁၂၀၀ ကျပ် စုစုပေါင်း ၈၃၀၀ ကျပ်ကျသင့်မည် ဖြစ်သည်။ မှတ်ပုံတင်သက်တမ်းမကုန်ဆုံးသေးသည့် City Taxi ယာဉ် များအနေဖြင့် City Taxi ဘေးစတေကာနံပါတ်ပြောင်းလဲလိုပါက ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန္ဒာဆွေ(မြို့တော်)







အခြားဆက်စပ်သတင်းများ